In Focus

မြောက်ဦးဟန် အစားအစာတွေ ရနိုင်တဲ့ ရခိုင်ရိုးရာအိမ်ပုံစံနဲ့ ငပလီကမ်းခြေ စားသောက်ဆိုင် Htay Htay’s Kitchen

missing
Photo by Phyo Thiha

ငပလီကမ်းခြေကိုအလည်အပတ်သွားတဲ့ ခရီးသွားဧည့်သည်တိုင်းဟာ ရခိုင်ရိုးရာငပိထောင်းလေးနဲ့ ပင်လယ်စာတွေကို တရှိုက်မက်မက် စားသုံးကြပါတယ်။

ဒါ့ကြောင့် ကမ်းခြေမှာဆိုရင် ရခိုင်ရိုးရာအစားအစာစားသောက်ဆိုင် အများအပြား ဖွင့်လှစ်ထားတာကိုလည်း တွေ့ရပါတယ်

များပြားလှတဲ့ ဆိုင်တွေထဲကမှ စားသောက်ဆိုင်တစ်ခုကတော့ ထူးခြား ဆွဲဆောင်မှုတွေ ရှိနေ ပါတယ်။

ရခိုင်ရိုးရာအိမ် အဆောက်အဦးပုံစံ ဦးစားပေးပြီး သစ်ကိုအဓိက အသုံးပြု ပုံဖော်တည်ဆောက်ထားတာဟာ ခရီးသွားဧည့်သည်တွေအတွက် ဆွဲဆောင်စရာ တစ်ခုလို ဖြစ်နေပါတယ်

ဆိုင်အတွင်း က မီးသီးတွေကိုလည်း လေးထောင့်ပုံစံ သစ်သားပုံဖော်ခွက်တွေနဲ့ ဖန်တီးထားပါတယ်။

ဒီဆိုင်လေးရဲ့ နောက်ထပ် ထူးခြားမှုလို့ ဆိုရမှာကမြောက်ဦး ပင်လယ်စာဟင်းရည် နဲ့ မြောက်ဦးဟင်းရည်ပါ။အရသာဟာ မြောက်ဦးရိုးရာအတိုင်း ချက်ပြုတ် ပြင်ဆင်ပေးတာဖြစ်လို့ စားသုံး သူတွေ ကြားမှာ ရေပန်းအစားဆုံး ဟင်းလျာဖြစ်နေပါတယ်။

ဆိုင်ပိုင်ရှင်ဟာ မြောက်ဦးသူဖြစ်တဲ့ အတွက် မြောက်ဦး အစားအစာကို ထည့်သွင်းရောင်းချခဲ့တာ ဖြစ်ပြီး ခုလိုစားသုံးသူတွေအကြား ကြိုက်နှစ်သက်စေလို့ အတိုင်းမသိဝမ်းသာမိတယ်လို့ ဆိုင် မန်နေဂျာဖြစ်တဲ့ ရခိုင်တိုင်း ရင်းသား ကိုဆန်းမင်းသူက ပြောပြပါတယ်။

“မြောက်ဦးငါးဟင်းရည် နဲ့ပင်လယ်စာဟင်းရည်က ကျွန်တော်တို့ဆိုင်ရဲ့ထူးခြားချက်ပါ။ နာမည်လည်းကြီးတယ်။ စားတဲ့သူလည်းများတယ်။”  ဒီလိုထူးခြား မှုတွေ ပိုင်ဆိုင်ထားတဲ့ဆိုင်လေးက Htay Htay’s Kitchen  ပဲဖြစ်ပါ တယ်။ ငပလီရောက်ဖူးသူတိုင်း ရင်းနှီးပြီးသားဖြစ် မယ်လို့လဲထင်ပါတယ်။ ခုဆိုရင် ဒီဆိုင်ဖွင့်လှစ်လာတာ ဆယ်စု နှစ်နီးပါးပင်ရှိခဲ့ပြီလို့ ဆိုပါတယ်။

ရခိုင်ရိုးရာအစားအစာအဓိကနဲ့ မြန်မာအစားအစာ ၊တရုတ်အစားအစာ အမျိုးပေါင်း ၁၅၀ နီးပါးရရှိနိုင်လို့ မိမိကြိုက်နှစ်သက်ရာဟင်းလျာကိုရွေးချယ်စားသုံးလို့လဲရပါတယ်။ ဆိုင်လေးကိုနံနက် ၇ နာရီကနေ ည ၁၀ နာရီထိ ဖွင့်လှစ်ထားပါတယ်။

ရခိုင်ရိုးရာအစားအစာတွေထဲမှာဆိုရင် ပင်လယ်စာ ဖြစ်တဲ့ ပြည်ကြီးငါး၊ဂဏန်း ၊ပုဇွန်ဟင်းလျာတွေကိုအဓိက ၀န်ဆောင်မှုပေးတယ်လို့ သိရပါတယ်။ ပင်လယ်စာတွေထဲကမှ ဂဏန်းမဆလာချက် ဟာလည်း ဒီဆိုင်ရဲ့ နာမည်ကြီး ဟင်းလျာတစ်မျိုးလို့ဆိုပါတယ်။ Drink အနေနဲ့ကတော့လတ်ဆတ်တဲ့ရာသီပေါ် သီးနှံဖျော်ရည်တွေနဲ့ အအေးဘူးတွေ ရရှိမှာပါ။

ရခိုင်ရိုးရာအစားအစာတွေဟာ ချဉ်ငံစပ် အရသာဖြစ်တာကြောင့် နိုင်ငံခြားသားခရီးသွားဧည့်သည် တွေအတွက်တော့ အဆင်မပြေတာကြောင့်  နိုင်ငံခြားသားတွေ ကြိုက်နှစ်သက်တဲ့ အချိုပုံစံ ပြင်ဆင်ပေးရတယ်လို့ သိရပါတယ်။ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာလည်း ဘာသာစကားအခက်အခဲ မရှိလှဘူးလို့ပြောပါတယ်။

“သူတို့က ရခိုင်စာမကြိုက်ကြဘူး ။စပ်တယ်လေ။ အချိုလိုင်းပဲစားတော့ အဲဒီပုံစံပြင်ဆင်ပေးရတာပေါ့။ အသီးအရွက် ၊ပင်လယ်စာအားလုံးကလတ်ဆတ်မှုအပြည့်အ၀ရှိတော့ အရသာကလည်း ထူးခြားစေပါတယ်။ တချို့ နိုင်ငံခြားသားဆို ရခိုင်လိုတောင် ပြောတဲ့သူရှိတယ်။” လို့ ကိုဆန်းမင်းသူက ထပ်မံပြောပြပါတယ်။

မိသားစုလိုက်ဖြစ်စေ ၊ အုပ်စုအဖွဲ့လိုက် ဖြစ်စေ၊ ခရီးသွားကုမ္ပဏီတွေ စတဲ့အသင်းအဖွဲ့တွေက ဘူဖေးစားသုံးဖို့ တောင်းဆိုပါကလည်း ၀န်ဆောင်မှုပေးတယ်လို့ သိရပါတယ်။ ဆိုင်သက်တမ်း ဆယ်စုနှစ်တာကာလအတွင်းမှာ ရောင်းချရမှုနှုန်းကလည်း ခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်းနဲ့အတူ တိုးတက်လာတယ်လို့ဆိုပါတယ်။

Htay Htay’s Kitchen မှာ အစားအစာတမျိုးကိုအနည်းဆုံး မြန်မာငွေ ၁၀၀၀ ကျပ်ကနေ စားသုံးနိုင်ပါတယ်။ အများဆုံးကတော့ ကျောက်ပုဇွန်သုပ် ၃၀၀၀၀ ကျပ်ထိသာရှိပါတယ်။

Htay Htay’s Kitchen မှာ စားသောက်ရင်း ငပလီကမ်းခြေရောက် ဒေသထွက် အမှတ်တရလက် ဆောင်ပစ္စည်းတွေနဲ့ ကျောက်စိမ်း ၊ပုလဲ ၊အမှတ်တရအကျီင်္ စတဲ့ ပစ္စည်းတွေကိုပါ တပါထဲ ၀ယ်ယူလို့ရပါသေးတယ်။ စားသောက်ဆိုင်နဲ့အတူတွဲရက် ဖွင့်လှစ်ထားတာဖြစ်သလို ခုဆိုရင် Resort ပါ ဖွင့်လှစ်ဖို့ပြင်ဆင်နေပါတယ်။

ဒီဆိုင်လေးမှာ မန်နေဂျာတာဝန်ယူထားတဲ့ ရခိုင်တိုင်းရင်းသား ကိုဆန်းမင်းသူဟာ ဆိုရင် ၀င်လာသမျှ ဧည့်သည်တိုင်းကို ပြုံးရွှင်မျက်နှာဟန်လေးနဲ့ ဖော်ရွှေစွာ နှုတ်ဆက်တတ်ပါသေးတယ်။ ဒါဟာလည်း စားသုံးသူတွေကို ဆွဲဆောင်နိုင်တဲ့ အပြုအမူလေးတစ်ခု ဖြစ်ပါတယ်။

ငပလီကမ်းခြေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကမ်းခြေတွေထဲမှာ နိုင်ငံခြားသားဧည့်သည် အပန်းဖြေမှုအများဆုံး ကမ်းခြေတစ်ခုပါ။ ခုဆိုရင် ပြည်တွင်းခရီးသွားဧည့်သည် လည်ပတ်မှုနှုန်းလဲ များပြားလို့လာပါပြီ။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments