In Focus

မြန်မာ့ကမ်းခြေအလှ နိဗ္ဗာန်ဘုံများ မပျက်စီးရေး ဂရုပြုရမည့်အချိန်

missing
Photo - Phyoe Nyan

တော၊တောင်၊လျှို၊မြောင်၊ချိုင့်ဝှမ်းများ၊ရေကန်ကြီးများ၊ ကမ်းရိုးတန်းဒေသများရှိ ပင်လယ်ကမ်းရိုးတန်းများ၏ သဘာဝအလှတရားများကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများ အကြား ထင်ပေါ် လျက်ရှိနေသည်မှာ အားလုံးအသိပင်ဖြစ်သည်။ ထိုသဘာဝအလှအပများက ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သည့်အပြင် ပိုမို

ပွင့်လင်းလာသည့် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကလည်း ပြည်တွင်းပြည်ပခရီးသွားများ ၀င် ရောက်မှုကို နှစ်စဉ်မြင့်မားစေလာအောင် အထောက်အကူ ပြုပေးနေလျှက်ရှိသည်


သို့သော်လည်း အထိန်းအကွပ်မဲ့ ခရီးသွားလုပ်ငန်းများကြောင့် ခရီးသွားဝင်ရောက်မှုများသော မြန်မာနိုင်ငံ၏ဒေသအချို့တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်သည့်အခြေအနေများရှိလာပြီး ပြန်လည်အစားထိုးမရသည့်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်ကိုတွေ့ရှိလာရသည်

လက်ရှိ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအများဆုံး ဖြစ်ပေါ်သည့်နေရာများတွင်မြန်မာနိုင်ငံ၏နိဗ္ဗာန်ဘုံများဟု
တင်စားခေါ်ဆိုနိုင်သည့် ပြည်တွင်း၊ ပြည်ပခရီးသွားများအကြား ကျော်ကြားလှသည့် ပင်လယ်ကမ်းခြေများ ပါဝင်နေသည်ကိုစိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေရပေသည်။

စည်းကမ်းမဲ့ စွန်ပစ်သည့် အမှိုက်များပြသနာ


ထိုသို့ သဘာဝပတ်ဝန်းကျင်များ ယိုယွင်းပျက်စီးထိခိုက်လာမှု အခြေအနေများသည် အမှိုက်များကြောင့်ဖြစ်ပြီး ၄င်းအမှိုက်များတွင် သဘာဝအလျောက်ဖြစ်ပေါ်သည့်အမှိုက်များထက် လူတို့မှ စွန့်ပစ်သည့်အမှိုက်များက ပိုမိုများပြားနေကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်ဆန်းနိုင်က ပြောကြားသည်။

'' ကမ်းခြေတွေမှာအခုလိုဖြစ်တယ်ဆိုတာ သဘာဝအရ မဟုတ်ဘူး။ များသောအားဖြင့်တော့ လူတွေ လုပ်လို့ ဖြစ်တာ'' ဟု ဦးကျော်ဆန်းနိုင်က ပြောသည်။ ၄င်းအမှိုက်များ၏ သုံးပုံတစ်ပုံခန့်သည် ခရီးသွားလုပ်ငန်းများမှတဆင့် ပင်လယ်ကမ်းစပ်များသို့ လာရောက်လည်ပတ်သည့် ပြည်တွင်း၊ပြည်ပခရီးသွားများ၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများကြောင့် ပင်လယ်ကမ်းစပ်များ ၏အရည်အသွေးသည် တဖြေးဖြေးကျဆင်းလာပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအား ရိုက်ခတ်လာခြင်းဖြစ်ကြောင်း ၄င်းက သုံးသပ်ပြသည်။

'' ကမ်းခြေတွေ အဓိကပျက်ဆီးမှုက ဟိုတယ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ၊ လာရောက်တည်းခိုအပန်းဖြေတဲ့ဧည့်သည်တွေက အမှိုက်သရိုက်တွေကို စည်းကမ်း မဲ့စွန့်ပစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ ပင်လယ်ကမ်းခြေတွေ တော်တော်များများဟာ ဒီအမှိုက်သရိုက်တွေကြောင့် တော်တော်လေး အရည်အသွေးကျနေတာကို ကျွန်တော်တို့ လေ့လာမိတယ်'' ဟု ဦးကျော်ဆန်းနိုင်က ပြောသည်။

ပင်လယ်ကမ်းခြေများ၌ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ စွန့်ပစ်သောအမှိုက်၏ သုံးပုံတစ်ပုံတွင် ဖော့ဘူးများ၊ ပလပ်စတစ်ရေဘူးများနှင့် ဖန်ပုလင်းများအပြင် စားကြွင်းစားကျန်များပါ ပါဝင်နေသည်။ ယင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုအား ထိန်းသိမ်းနိုင်ခြင်းမရှိပါက မြန်မာနိုင်ငံရှိ ပင်လယ်ကမ်းခြေများ၏ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ဂေဟစနစ် ပျက်ယွင်းမှုသည် လက်ရှိ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော ပင်လယ်ကမ်းခြေများ ပိတ်သိမ်းခြင်းပြဿာနများထက်ပင် ပိုမိုဆိုးရွားနိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင် ရွက်နေ သည့် အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်သူဦးစောမိုးမြင့်ကလည်း ဦးကျော်ဆန်းနိုင်ပြောသည့် အချက်ကိုပင် အဓိကထား ပြောပြသည်။

'' ကမ်းခြေတွေမှာ စွန့်ပစ်တဲ့အမှိုက်တွေထဲမှာ ဘာတွေအများဆုံးလဲဆိုတော့ ဖော့ဘူးတွေ၊ ပလစ်စတစ်တွေ၊ ပလစ်ရေဘူးတွေ၊ ဖန်ပုလင်းတွေ အများဆုံးတွေရတယ်။

ဒါတွေကိုမရှင်းနိုင်ဘူး၊မထိန်းသိမ်နိုင်ဘူးဆိုရင်၊ အခုအရှေ့တောင်အာရှဒေသတွင်းနိုင်ငံတွေမှာ ပင်လယ်ကမ်းစပ်နဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ ပြဿနာထက် ပိုဆိုးသွားမယ်''ဟု ဦးစောမိုးမြင့်ကပြောသည်။

ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့ပြခဲ့သည့် ဥပမာများ

လက်ရှိ ထိုင်းနိုင်ငံကမ်းခြေတချို့တွင် ရာသီဥတုဖောက်ပြန်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်းကြောင့် ပင်လယ်ရေငုပ်စခန်းအချို့ကို ထိုင်းနိုင်ငံအစိုးရက ပြီးခဲ့သည့်၂၀၁၁ခုနှစ်ခန့်က ပိတ်ပစ်ခဲ့သည်။၂၀၁၇ခုနှစ်၊ အောက်တိုဘာလပိုင်းအတွင်းတွင်လည်း လေထုညစ်ညမ်းမှုနှင့် ရေစီးရေလာပျက်စီးမှုအား အဆုံးသတ်နိုင်ရန်အတွက် ဖူးခက်ကျွန်းရှိ Patong ကမ်းခြေအား စစ်ဆေးမှု
များပြုလုပ်ရာ ၁ ဒသမ ၅မိုင်ခန့် ရှိ ၄င်းကမ်းခြေတလျှောက်တွင် စုစုပေါင်းအမှိုက်၏ သုံးပုံတစ်ပုံအဖြစ် စီးကရက်တို စုစုပေါင်း ၁၀၁၀၅၈ ခုကို တွေ့ရှိခဲ့သည်။ ထို့အတွက်ထိုင်းတာဝန်ရှိ
သူများက ထိုင်းနိုင်ငံ၏ ထင်ရှားကျော်ကြားလှသည့် ဖူးခက်ကမ်းခြေနှင့်ကရာဘီကမ်းခြေအပါအ၀င် ပင်လယ်ကမ်းခြေ ၂၀ခန့်တွင် ဆေးလိပ်သောက်သုံးခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။
ကမ်းခြေများတွင် ဆေးလိပ်သောက်သုံးခြင်းကို တွေ့ရှိပါက ထောင်ဒဏ် (သို့မဟုတ်) ထိုင်းဘတ်ငွေတစ်သိန်း ဒဏ်ငွေချမှတ်ခံရမည်ဟု ကြေညာခဲ့ရသည်။

ထို့အပြင် ကမ္ဘာကျော်ရုပ်ရှင် ''The Beach''ကြောင့် ပိုမိုလူသိများ ကျော်ကြားခဲ့သည့်ဖီဖီကျွန်းရှိ မာယာကမ်းခြေကိုလည်း ထိုင်းနိုင်ငံအစိုးရက ပြီးခဲ့သည့် ဇွန် ၁ ရက်တွင် တစ်နှစ်နှင့်သုံးလကြာ ပိတ်သိမ်းရန် ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံရှိ ဘိုရာကေကျွန်းကိုလည်း ရေဆိုးမြောင်းစနစ် ပြသနာများကြောင့် ဖြစ်ပေါ်လာရသည့်သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖိလစ်ပိုင်အစိုးရက ခြောက်လကြာ ပိတ်သိမ်းကြောင်း ယခုနှစ် ဧပြီလက ကြေညာခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံများပြီးလျှင် ကမ္ဘာတွင် ပလပ်စတစ်စွန့်ပစ်မှု တတိယအများဆုံးဖြစ်ကြောင်း၂၀၁၅ခုနှစ်တွင် ပြုလုပ်ခဲ့သော ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် စီမံကိန်း သုတေသနစစ်တမ်းများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

သုတေသနစစ်တမ်းတစ်ရပ်၌ ပလပ်စတစ်အမှိုက်များစွန့်ပစ်မှု အများဆုံးနိုင်ငံများတွင် ဗီယက်နမ်၊ သီရိလင်္ကာ၊ထိုင်း၊ အီဂျစ်၊မလေးရှား၊နိုင်ဂျီးရီးယားနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများအစဉ် လိုက်ရပ် တည်နေပြီး ၄င်းပလပ်စတစ်စွန့်ပစ်မှုများကို ပိတ်ပင်နိုင်ခြင်းမရှိပါက နောင်နှစ်ကာလများတွင် ပင်လယ်၊သမုဒ္ဒရာများအတွင်းတွင် ငါးများထက် ပလပ်စတစ်အမှိုက်များပိုမိုများပြားလာမည် ဖြစ်ကြောင်းလည်း စစ်တမ်းများတွင် သတိပေးထားကြသည်။

တစ်ကမ္ဘာလုံးတွင် လက်ရှိစွန့်ပစ်သည့် ပလပ်စတစ်၏ အရေအတွက်သည် အလွန်များပြားလျက်ရှိပြီး မြေကြီးအတွင်းမြုပ်နှံစွန့်ပစ်သည့် ပလပ်စတစ်အရည်အတွက်သည် ၁၀ ရာခိုင်နှုန်း၊ အခြားသောပစ္စည်းများဖြင့် ရောနှောကာ ပြန်လည်အသုံးပြုသည့် အရေအတွက်သည် ၅ ရာခိုင်နှုန်းခန့်ရှိကြောင်းနှင့် ကျန်စွန့်ပစ်အမှိုက်များသည် ပင်လယ်သမုဒ္ဒရာများအတွင်းသို့ မျောပါစီးဆင်းလျှက်ရှိကြောင်းလည်း ဦးစောမိုးမြင့်က ပြောပြသည်။                                                                                                                                              
 
တစ်နှစ်၊တစ်နှစ်ကိုပလပ်စတစ်ကို လူတွေက ဘယ်လောက်အထိ စွန့်ပစ်လဲဆိုရင် လက်ရှိကမ္ဘာကြီးမှာရှိတဲ့ ပလပ်စတစ်တွေကို ဖြန့်လိုက်လို့ရှိရင် ကမ္ဘာကြီးကို လေးပတ် ပတ်လို့ရတယ်။ ဒီစွန့်ပစ် ပလပ်စတစ်တွေရဲ့ ၅ ရာခိုင်နှုန်းကို လူတွေက တခြားပစ္စည်းတွေနဲ့ ရောပြီး ပြန်သုံးတယ်။ပြီးတော့ မြေကြီးတွေထဲ မြုပ်ပစ်လိုက်တာက ၁၀ရာခိုင်နှုန်းရှိတယ်။ ကျန်တာတွေ အားလုံးက ပင်လယ် သမုဒ္ဒရာထဲကို မျောပါသွားတယ်။ အဲ့ဒိလို လွင့်ပါသွားတော့အကျိုးအမြတ်က ဘာဖြစ်လဲဆိုရင် တစ်နှစ်၊တစ်နှစ်ကို ရေမှာကျက်စားတဲ့ငှက်အကောင်ရေ ၁သန်း၊ နောက်ပင်လယ်မှာ ကျက်စားတဲ့ နို့တိုက်သတ္တ၀ါတွေက ၁ သိန်း၊ဒီပလပ်စတစ်ကို သူတို့ကအစားအစာအမှတ်နဲ့စားကြလို့ သေကြေ ပျက်စီးကုန်တယ်'' ဟုဦးစောမိုးမြင့်က ပြောသည်။

ခရီးသွားလုပ်ငန်းကို ရိုက်ခတ်လာနိုင်မှု

လက်ရှိ မြန်မာနိုင်ငံကမ်းခြေများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ဂေဟစနစ်များယိုယွင်းပျက်စီးလာမှု အခြေအနေများကြောင့် မြန်မာနိုင်ငံအတွင်း ပြည်ပခရီးသွားဧည့်သည် ၀င်ရောက် လာမှုသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ၃.၄၄ သန်း အထိရှိခဲ့သော်လည်း လက်ရှိ ၂၀၁၈ခုနှစ်တွင်မူ ရေကြောင်းနှင့်လေကြောင်းတို့မှ ၀င်ရောက်လာသည့် ပြည်ပခရီးသွားဧည့်သည်အရေ အတွက်သည် ၅ သိန်း ခန့်သာရှိသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်တွင်း၊ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် ပင်လယ်ကမ်းခြေများသို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်မှုသည် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် တွင် သောင်းဂဏန်းခန့်သာရှိပြီး အရှေ့တောင်အာရှဒေသတွင်း နိုင်ငံ
များနှင့်နှိုင်းယှဉ်ပါက ၄င်းအရေအတွက်သည် နည်းပါးသည့် အနေအထားတွင် ရှိနေသည်။

ပင်လယ်ကမ်းခြေများ၏ သဘာဝပတ်ဝန်းကျင်ထိခိုက်လာမှု ဂေဟစနစ်များ ယိုယွင်းပျက်စီးလာမှုများ ဖြစ်ပေါ်စေရန်အကြောင်းအရင်းများဖြစ်သည့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု၊ ထိုမှတဆင့်ပင်လယ်ရေ အရည်အသွေးကျဆင်းမှု၊ သဲသောင်များညစ်ညမ်းလာမှုများ ပိုမိုဆိုးရွားလာမည်ဆိုပါက မြန်မာနိုင်ငံ ကမ်းခြေများသို့ ပြည်ပခရီးသွားလာရောက်မှုမှာ လာမည့်နှစ်များအတွင်း ပိုမိုကျဆင်းမှု များ ဖြစ်ပေါ်လာနိုင်ပေသည်။ အကျိုးဆက်အဖြစ် ခရီးသွားလုပ်ငန်းများနှင့် ပင်လယ်ကမ်းခြေ ဟိုတယ်လုပ်ငန်းများကိုလည်း ထိခိုက်လာနိုင်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း  စောင့်ရှောက်ရေးလုပ်
ငန်းများတွင် ဆောင်ရွက်နေသည့် ပရဟိတလူငယ်အဖွဲ့ခေါင်းဆောင် ကိုစိုးသိန်းထွဋ်က ၄င်း၏ အမြင်ကို ပြောသည်။

'' ကျွန်တော်အဖွဲ့က ဒီပင်လယ်ကမ်းခြေ တွေမှာရှိတဲ့အမှိုက်ကောက်တဲ့လှုပ်ရှားမှုတွေကိုတော်တော်များလုပ် ဆောင်ခဲ့တယ်။ အဲ့ဒီမှာ ဘာကိုတွေလည်းဆိုတော့ ဒီစည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေေ ကြာင့် ပင်လယ်ရေတွေ ညစ်ညမ်းလာတယ်။ သဲသောင်တွေဟာဆိုရင်လည်းညစ်ထေးလာတာကိုတွေ့ရတယ်။နောက်ကျွန်တော်တို့ ငွေဆောင်ကမ်းခြေမှာလုပ်ခဲ့တဲ့တုန်းကဆိုရင် လူတွေက အဲ့ဒီကိုလာ အပန်းဖြေတယ်။ဒေသခံတွေရဲ့ဈေးဆိုင်တွေကလည်းအဲ့ဒီကမ်းခြေမှာဖွင့်ထားတာအများကြီးပဲ။ ဒါပေမယ့် လာပြီးအပန်းဖြေတဲ့လူတွေကလည်း စားပြီးသောက်ပြီး စားကြွင်းစားကျန်တွေကို အလွယ်တကူပဲ ကမ်းခြေမှာ စွန့်ပစ်တယ်။ ဈေးဆိုင်တွေကလည်းအမှိုက် ပုံးတွေ၊အမှိုက်စွန့်ပစ်ရမယ့်နေရာတွေကို စနစ်တကျလုပ်ဆောင်ထားတာမရှိတော့ တစ်ဝိုင်းပြီးလို့ နောက်တစ် ၀ိုင်း
ထိုင်မယ်ဆိုရင် အလွယ်တကူပဲ ပထမ၀ိုင်းက စားကြွင်းစားကျန်တွေနဲ့အမှိုက်တွေကို ခုံအောက်ကို သုတ်ချလိုက်တယ်။ အဲ့ဒီနောက်ပင်လယ်ရေတက်လာတော့ ဒီအမှိုက်တွေက ပင်လယ်ထဲမျောပါ သွားတယ်'' ဟု ကိုစိုးသိန်းထွဋ်က သူ၏အတွေ့အကြုံကို ပြောပြသည်။

လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများ

ထိုသို့လူတို့၏ စွန့်ပစ်အမှိုက်များကြောင့် နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်မှုများပြားသော ငွေဆောင်၊ ငပလီနှင့် ချောင်းသာကမ်းများ အပါအ၀င် လက်ရှိမြန်မာနိုင်ငံအတွင်းရှိ ကမ်းခြေ တို့တွင် ပင်လယ်ရေ အရည်အသွေး ကျဆင်းမှုနှင့် သဲသောင်များ ညစ်ညမ်းမှု စတင်ရှိလာနေပြီး ခရီးသွား ဧည့်သည် လာရောက်မှုကို ထိခိုက်လာနေပြီဖြစ်သည်။ 

ကမ္ဘာလှည့်ခရီးသွားများကို စစ်တမ်းကောက်ယူပြီး နှစ်စဉ်အဆင့်ထုတ်ပြန်ပေးသည့် TripAdvisor ၀က်ဆိုက်၏  စစ်တမ်းတွင် မြန်မာနိုင်ငံ၊သံတွဲမြို့ရှိ ငပလီကမ်းခြေသည် ပြီးခဲ့သည့်၂၀၁၅  ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံးကမ်းခြေ ၁၀ ခုတွင် အဆင့် ၈ အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ သို့သော် လက်ရှိ ငပလီကမ်းခြေသည် လူတို့၏ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုကြောင့် ပင်လယ် ရေညစ်ညမ်းမှုများ ရှိလာသည့်အတွက် ၂၀၁၇ ခုနှစ် စစ်တမ်းတွင် အဆင့်၂၅ သို့ကျဆင်းသွားခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေတွင် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်က တစ်လလျှင် နိုင်ငံခြား ခရီးသွားဧည့်သည် လာရောက်မှုသည် ၃၂၀၀ ကျော် ရှိခဲ့သည်။ ၂၀၁၇ခုနှစ်တွင်မူ ၂၅၀၀ ခန့်သာရှိသည့် အတွက် နိုင်ငံခြားခရီးသွားလာရောက်မှု ၇၀၀ နီးပါးကျဆင်းလာခဲ့ကြောင်း  ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာန၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပင်လယ်ကမ်းခြေများအနီး ဟိုတယ် အဆောက်အဦများမှ စွန့်ပစ်အမှိုက်များ၊ဒေသခံများ၏နေအိမ်၊ ဈေး ဆိုင်များမှ စွန့်ပစ်အမှိုက်များနှင့် ၄င်းဟိုတယ်အဆောက်အဦးများတွင် လာရောက်တည်းခိုနေ ထိုင်သည့် ခရီးသွား များ၏ စွန့်ပစ်အမှိုက်များကြောင့် လက်ရှိပင်လယ်ကမ်းခြေများ၏ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များပျက်ဆီးမှုများဖြစ်ပေါ်ရခြင်းဖြစ်သည့်အတွက် အမှိုက်များကို စည်းကမ်း တကျ စွန့်ပစ်ရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့်ဟိုတယ်လုပ်ငန်းရှင်များနှင့် ဒေသခံတို့အနေဖြင့်လည်း လုပ်ငန်းသုံးမှ ထွက်ပေါ်လာသည့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်ကြောင်း မြန်မာ့အစိမ်းရောင်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဖြစ်သင့်တာကတော့ ကမ်းခြေတွေကို အခြေပြုပြီး စီးပွားရှာနေတဲ့ ဟိုတယ်တို့လိုပေါ့။ သူတို့မှာတာဝန်ရှိတယ်။ လုပ်သင့်တယ်။ တစ်ဖက်ကလည်း သက်ဆိုင်ရာ အာဏာပိုင်တွေပေါ့လေ။  စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု တွေကို ကြပ်မတ်သင့်တယ်'' ဟု ၄င်းက ပြောသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ဂေဟစနစ်ယိုယွင်းပျက်စီးလာမှု၊ ပင်လယ်ရေညစ်ညမ်းမှုတို့ကို ဖြစ်ပေါ်စေသည့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများ၏ အကျိုးဆက်များ မြန်မာ့ပင်လယ်ကမ်းခြေ များပေါ် တွင် သက်ရောက်မှုရှိလာခဲ့ပြီဖြစ်သည်။  မြန်မာ့ကမ်းရိုးတန်းဒေသရှိ သဘာဝအလှ နိဗ္ဗာန်ဘုံများပျောက်ကွယ်သွားခြင်း မရှိစေရန် ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေပြီဆိုသော အချက်ပေး ခေါင်းလောင်းထိုးသံများသည်လည်း ဆူညံလာလျှက်ရှိနေပြီဖြစ်သည်။

"

0Comments

Leave a Comments