In Focus

၂၀၁ ၈ နှစ်သစ်နှင့် ခရီးသွားလုပ်ငန်း အလားအလာ

missing
Photos Lwin mg mg, Lwin ko taik, phoe nyan

အစိုးရသစ်လက်ထက်၂၀၁၆ ခုနှစ်တွင် တစ်နှစ်လုံးအတိုင်းအတာအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှာ ၂  ဒသမ ၉ သန်းရှိလာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးသွား ဧည့်သည် ၃ဒသမ ၅ သန်းခန့်ဝင်ရောက်မည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခန့်မှန်းခဲ့သည်



၂၀၁၇ ခုနှစ်၏ ပထမခြောက်လပိုင်း အတွင်း မှာပင် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုမှာလူဦးရေနှစ်သန်းဖြင့် ယမန်နှစ်ထက် ၂၀ရာခိုင်နှုန်းတိုးတက်လာခဲ့သော်လည်း သြဂုတ်လအတွင်း တွင် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သောလူမျိုးရေးပဋိပက္ခများကြောင့် အနောက်ဥရောပနိုင်ငံများမှ ခရီးသွားဧည့်သည် ဝင်ရောက်မှုကို ထိခိုက်မှုရှိခဲ့ပြီး  ၂၀၁၈ ခုနှစ်အတွက် လိုအပ်သော ပြင်ဆင်မှု များဆောင်ရွက်သင့်သည် ဟု ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့်ကျွမ်းကျင်သူများက သုံးသပ်ကြသည်

Advertisment
advertisment



'' သြဂုတ်လမှာဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိပက္ခကြောင့် စက်တင်ဘာနောက်ပိုင်းမှာ အနောက်နိုင်ငံတွေကခရီးသွားနှုန်း ၂၀ ရာခိုင်နှုန်းလောက် ထိခိုက်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ တစ်နှစ် ၊နှစ်နှစ်လောက် ကြုံတွေ့ရဖို့ ရှိပါတယ်''ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ ဒုတိယဥက္ကဌဦးခင်အောင်ထွန်းက My MagicalMyanmar သို့ ပြောသည်။

ဥရောပဧည့်သည်များ၏ငွေကြေးသုံးစွဲမှု  (Spending Power)သည် အာရှနှင့်အခြားသောနိုင်ငံများထက် ထက်ဝက်(သို့) ၇၀ရာခိုင်နှုန်းကျော် ပိုမိုသုံးစွဲကြသောကြောင့် ၂၀၁၈ခုနှစ်၏ နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ၂၀၁၇ထက် ပိုမိုများနိုင်သော်လည်း နိုင်ငံခြားငွေရရှိမှုမှာကျဆင်းနိုင်ကြောင်းခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည် ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

အဓိကရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၂၀ဝ၀ ခုနှစ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဟိုတယ်နှင့်တည်းခိုခန်းမှ အခန်းပေါင်းတစ်သောင်းကျော်သာရှိသောကြောင့် လာရောက်သည့်ဧည့်သည်နှင့် အခန်းအရေအတွက်မမျှ၍ ဈေးနှုန်းကြီးမြင့်မှုများရှိခဲ့သော်လည်းဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ၂၀၁၈ခုနှစ်၊ဇန်နဝါရီလ၏ထုတ်ပြန်ချက်များအရလက်ရှိတွင်ဟိုတယ် (၁,၅၉၀)လုံးနှင့် အခန်းပေါင်း(၆၃,၉၇၈)ခန်းရှိပြီဖြစ်သောကြောင့် ဟိုတယ်အခန်းခဈေးနှုန်းများပုံမှန်အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည်။

ပြည်ပခရီးသွားဧည့်သည်များ ပိုမိုများပြားလာစေရန်ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ပုံမှန်ခရီးသွားနည်းသည့်မိုးရာသီတွင်ပင် လည်ပတ်မှုအများဆုံးဒေသများဖြစ်သည့်
ရန်ကုန်၊ မန္တလေး၊ ပုဂံ၊အင်းလေ၊ငပလီ၊ ငွေဆောင်၊ ချောင်းသာနှင့်နေပြည်တော်ရှိဟိုတယ်များနှင့်ပူးပေါင်းကာ အခန်းခများ လျှော့ချပေးသည့် Green Season Promotionကို ဇွန်လမှ စင်တင်ဘာလအထိ ပြုလုပ်ပေးခဲ့သည်။

ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်ရာမှ လက်ရှိဟိုတယ်အခန်းများအသုံးပြုမှုမှာရန်ကုန်တွင် ၅၁  ရာခိုင်နှုန်းသာရှိပြီး နယ်မြို့များတွင် ၂၀ ရာခိုင်နှုန်းသာရှိနေကြောင်း Nature Dream Travel DMC(Myanmar)၏ပြုစုထားသည့် မှတ်တမ်းများအရသိရသည်။သို့သော် အချို့ခရီးစဉ်ဒေသများတွင် ရေ၊လျှပ်စစ်မီးစသည့်အခြေခံအဆောက်အဦ (Infrastructure)များ၊ ခရီးသွားဧည့်သည်များ အတွက် မီးရထားလမ်း၊ ကားလမ်းအ သုံးပြုမှု တွင် လိုအပ်ချက်များရှိနေမှု(Accessible)နှင့် လေကြောင်းလိုင်းများ၏လေယာဉ်လက်မှတ်ဈေးနှုန်းကြီးမြင့်မှုများရှိနေကြောင်း  နိုင်ငံခြား ခရီးသွားများနှင့်ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် ကျွမ်းကျင်သူများက ဝေဖန်မှုများ ရှိသည်။

''အခုက ပြည်တွင်းလေယာဉ်ခတွေက နိုင်ငံခြားသွားတာတွေထက်တောင် ဈေးကြီး သေးတယ် ပြောကြတာရှိတယ်။ လေကြောင်းလိုင်းတွေ တိုက်ရိုက်မပျံနိုင်တာတွေရှိတယ်။ လေကြောင်းလိုင်း တိုက်ရိုက်ပျံနိုင်ရင် Transitနည်းသွားမယ်။ ဒါကို ကျွန်တော်တို့ လုပ်ရမယ်"ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌဦးသက်လွင်တိုးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများမှာ သတင်းနှင့်နည်းပညာ(Information Technology)ကျွမ်းကျင်မှု မရှိသောကြောင့် အမေရိကန်နိုင်ငံနှင့်စင်ကာပူနိုင်ငံတို့မှ အွန်လိုင်းခရီးသွား ဝက်ဘ်ဆိုဒ်များထောင်သည့်ကုမ္ပဏီများက အင်တာနက်မှတဆင့် ခရီးစဉ်ဒေသများ ရောင်းချပေးခြင်း၊ ဟိုတယ်အခန်းများကို ကြိုတင်မှာယူခြင်းလုပ်ငန်းများကို လုပ်ကိုင်နေ ကြသောကြောင့် မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ်ဒေါ်လာသန်း ထောင်ချီဆုံးရှုံးမှုများဖြစ်နေသည်ဟု ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူတစ်ချို့က သုံးသပ်မှုများရှိသည်။

'' ဒါတွေက အမှန်တကယ်အစိုးရနဲ့ ပတ်သက်တဲ့ Transportation ခရီးသွားဘတ်ဂျက်တွေထဲကို ဒီပိုက်ဆံတွေကဝင်လာရမှာဖြစ်ပါတယ်။ ITတွေ မဖွံ့ဖြိုးတော့ ငွေယိုပေါက်တွေ ဖြစ်ပါတယ်"ဟု Nature Dream Travel DMC (Myanmar)၏တာဝန်ခံဒေါ် စံပယ်အောင်က ထောက်ပြသည်။

 မြန်မာနိုင်ငံ၏ Banking systemသည် ခေတ်နှင့်မညီ (Unsophisticated) ဖြစ်သည့်အပြင် နိုင်ငံတကာအဆင့်(International)မရှိသေးကြောင်း ၎င်းက ဝေဖန်သည်။

"နိုင်ငံတကာအဆင့်မီ Banking system မရှိပါဘူး။ အဲ့လိုဖြစ်နေတော့ Banking system ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဒီအင်တာနက်ဝက်ဆိုက်တွေထောင်တဲ့ မူရင်းဒေသနိုင်ငံ တွေဖြစ်တဲ့ စင်ကာပူတို့၊USA တို့ကို ဒီပိုက်ဆံတွေကရောက်သွားပါတယ်"ဟု ဒေါ် စံပယ်အောင်က ဆိုသည်။

ထို့ပြင် Myanmar Tourism Master Plan တွင် ပါဝင်သောခရီးစဉ်ဒေသများတွင် ဟိုတယ်ဇုန်များ ထုတ်ဖော်သည့်ကိစ္စသည် ဆောက်လုပ်ရေး သဘောဆန်ပြီး ခရီးသွားလာခြင်းနှင့် ပတ်သက်ခြင်းမရှိသလို ဖြစ်နေကြောင်း ¤၎င်းက ထောက်ပြ ပြောဆိုသည်။

"Master plan နဲ့ဥပဒေနဲ့ ပတ်သက်ပြီးတော့ ခရီးသွားလုပ်ငန်းကအလွှာအသီးသီးကို တွေ့ဆုံပြီးတော့ သေသေချာချာ လုပ်ဆောင်သင့်ပါတယ်။ တစ်ဦးတစ်ယောက်ကောင်းတဲ့ ဥပဒေဖြစ်လို့ မရဘူး။ Industryကြီးတစ်ခုလုံးကောင်းဖို့ဖြစ်ရမယ်၊ နိုင်ငံရဲ့ Image ကောင်းဖို့ဖြစ်ရမယ်"ဟု ဒေါ်စံပယ်အောင်က ပြောသည်။ ဒီဇင်ဘာလ ၂၁နေ့၊ နေပြည်တော်တွင် ကျင်းပသော အမျိုး သားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၂/၂၀၁၇)ညှိနှိုင်းအစည်းအဝေးတွင်ဥက္ကဋ္ဌဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက၂၀၁၇ခုနှစ်၊မြန်မာနိုင်ငံကိုလာရောက် လည်ပတ်ကြသည့် ကမ္ဘာလှည့်ခရီးသည်အရေအတွက်သည် မျှော်မှန်းထားသည့် အရေအတွက်ထက် များစွာနည်းပါးသည်ကို မြင်တွေ့နေရပြီး ယင်းသို့တိုးတက်မှုနည်းပါးနေခြင်းကို လက်ရှိတိုးတက်နေသည့် အရှိန်အဟုန်ဖြင့် ဆက်လက်မြှင့်တင်ရန် မိမိတို့အားလုံး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်သည်ဟု တိုက်တွန်းပြောကြားခဲ့သည်။

''ခရီးသွားလုပ်ငန်းတစ်ခုစနစ်တကျဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် စနစ်တကျ အစီအမံတွေ ချမှတ်ပြီး ဆောင်ရွက်ဖို့လိုအပ်ပါတယ်"ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်အများအပြားလည်ပတ်ချင်စရာကောင်းသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို ကမ္ဘာက ပိုမိုသိ
ရှိရန် ဈေးကွက်မြှင့်တင်ရန် လိုအပ်ကြောင်းနှင့်ခရီးစဉ်အသစ်များ၊ ဆွဲဆောင်မှုအသစ်များဖော်ထုတ်ကြခြင်းဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များလည်ပတ်စရာ၊လေ့လာစရာများ များပြားကာ ရက်ကြာကြာ နေထိုင်ပြီး ငွေကြေးပိုမိုသုံးစွဲကြမည်ဖြစ်ကြောင်းဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းမှ အတွင်းရေးမှူး ဦးကောင်းမင်းခန့်က "မြန်မာနိုင်ငံကို အဓိကဖြစ်နေတာကလူသိပ်မသိဘူး။ထိုင်း၊တရုတ်၊ စင်ကာပူဆို ရင် လူသိတယ်။ မြန်မာဆိုတာကိုသိအောင် ကျွန်တော်တို့  International Media တွေမှာထုတ်လွှင့်ခဲ့ဖူးတယ်။ ကြော်ငြာတယ်။ Tourismနဲ့ပတ်သက်တဲ့ပွဲတွေ တော်တော်တက်ပြီးDigital Marketing ပိုလုပ်နေပါတယ်"ဟု ရှင်းပြသည်။

အကြံပြုချက်များ
၂၀၁၈ခုနှစ်တွင် အနောက်ဥရောပနိုင်ငံများမှ နိုင်ငံခြားခရီးသွားဧည့်သည်များ ဝင်ရောက်လာမှုမှာ၂၀၁၇ခုနှစ်ထက်ကျဆင်းလာနိုင်ဖွယ်ရှိသောကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာအနှံ့ခရီးသွား လာခြင်းလုပ်ငန်းတွင် ပျမ်းမျှဘတ်ဂျက်ငွေ သန်း ၃၀ဝခန့် နှစ်စဉ် အသုံးပြုလာသောတရုတ်လူမျိုးများကို အားထားလာရဖွယ်ရှိသည်ဟု ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့်ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။

"တရုတ်လူမျိုးတွေထဲမှာ သုံးနိုင်ဖြုံးနိုင်တဲ့လူတန်းစားတွေပါတယ်။ ဒီထဲက one percent (သုံးသိန်း)ပဲဖြစ်လိုက် ကျွန်တော်တို့အတွက်ကောင်းတယ်"မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်
များအသင်းဥက္ကဌဦးသက်လွင်တိုးကဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကာ လာမည့်မတ်လတတိယအပတ်၌နေပြည်တော်တွင် Conference တစ်ခုပြုလုပ်မည်ဖြစ်ပြီး ခရီးသွားလုပ်ငန်းရှိကဏ္ဍပေါင်းစုံနှင့်အလွှာအသီးသီးမှ Stakeholderများ၊ ညီနောင်အသင်းများကိုတွေ့ဆုံဆွေးနွေးသွားရန် စီစဉ်လျက်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံသို့နိုင်ငံခြားသားခရီးသွားဧည့်သည်များဝင်ရောက်လာမှု များပြားလာစေရန်အတွက် ထိုင်းနိုင်ငံကဲ့သို့ Visa Free ဖြင့် လည်ပတ်ခွင့် ခွင့်ပြုထားခြင်းကိုခရီးသွားလုပ်ငန်းနှင့် ပတ်သက်သည့် ကျွမ်းကျင်သူများကဆောင်ရွက်ပေးစေလိုကြသည်။

ယင်းနှင့်ပတ်သက်၍ Nature Dream Travel DMC (Myanmar)၏တာဝန်ခံဒေါ်စံပယ်အောင်က "လူဝင်မှုကြီးကြပ်ရေးပိုင်းဆိုင်ရာမှာ တစ်ခုခုလုပ်မယ်ဆိုရင် ကောင်းတာရော၊ မကောင်းတာ ရော ထည့်တွက်ရမှာပါ။ထိုင်းနိုင်ငံ ဆိုရင်သူတို့ရဲ့ Rules and regulationsတွေမှာ အရင်တုန်းကဗီဇာတော်တော်လေး ဖွင့်ပေးပေမယ့် နောက်ပိုင်းတစ်ချို့နိုင်ငံတွေဆို ပြန်ပိတ် တာလေးတွေ ရှိပါတယ်။ ပေါ်လစီအလျှော့အတင်းနဲ့လုပ်နိုင်ဖို့လိုပါတယ်"ဟု သုံးသပ်ထားသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော လူမျိုး ရေးပဋိပက္ခများကြောင့် အနောက်ဥရောပနိုင်ငံများမှ ခရီးသွားဧည့်သည်ဝင်ရောက်မှုကို ထိခိုက်မှုရှိခဲ့သောကြောင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို မထိခိုက်စေဘဲ ခရီးသွားလုပ်ငန်းကို ပြန်လည် ကောင်းမွန်လာစေရန်အကြံဉာဏ်ပေးနိုင်မည့် ပြည်တွင်း၊ပြည်ပပညာရှင်များ ပါဝင်သောအဖွဲ့ကို ဖွဲ့စည်းရန် ခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်နေသည့် လုပ်ငန်း ရှင်များက လိုလားလျက်ရှိသည်။

"ခရီးသွားနဲ့ပတ်သက်ပြီးတော့ အားမနာတမ်းထောက်ပြတဲ့ နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့သဘာဝပတ်ဝန်းကျင်တွေလည်း မပျက်စီးစေဘဲ နိုင်ငံရဲ့ခရီးသွားကို တကယ့်ကိုပညာရှင် Level သီအိုရီတွေ ထုတ်ပြပေးနိုင်မယ့် လက်တွေ့လုပ်ဆောင် ချက်ကိုအားပေးနိုင်မယ့်တတ်သိပညာရှင်တွေ နိုင်ငံတကာရော၊မြန်မာရောကို advisory အဖွဲ့ ဖွဲ့ဖို့ တိုက်တွန်းပါတယ်"ဟု ဒေါ် စံပယ်အောင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်ပွားမှုအပြီး မြန်မာနိုင်ငံသို့အနောက်ဥရောပနိုင်ငံများမှ နိုင်ငံခြားခရီးသွားများ ကြိုတင်ခရီးစဉ် မှာယူ နေသောခရီးသွားကုမ္ပဏီများ လက်ရှိကြုံတွေ့နေရပုံနှင့် ပတ်သက်၍ ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူဦးဇော်ဝင်းချို က My Magical Myanmar သို့ ယခုလိုသုံးသပ်ပြသည်။

"ရခိုင်အရေးက တော်တော်လေးအရေးကြီးသွားတယ်။ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ၊ဖေဖော်ဝါရီလတွေရဲ့ခရီးသွားMarket အတွက် ကုမ္ပဏီကြီးတွေကို သွားစုံစမ်းတဲ့အခါ စုံစမ်းတဲ့သူတွေက အရင်နှစ်တွေလောက် မရှိဘူးဖြစ်နေတယ်"

Aung Phay Kyi Soe is a Journalist who worked as Culture, Tourism, Environment and Health Reporter for five years at The Messenger, The Trade Times,DEMOCRACY Today, The Voice and Mawkun In-Depth and Investigative Magazine. He won the Best Feature Award for Climate Change Reporting supported by UN-Habitat and organized by Myanmar Journalism Institute.

0Comments

Leave a Comments