In Focus

နိုင်ငံခြားခရီးသွားများရဲ့ဇုန်ဝင်ကြေးများ ဘယ်ကို ရောက်ရှိ သွားသလဲ

missing
photos phoe nyan, phyo thiha

မြန်မာနိုင်ငံသည် တော၊တောင်သဘာဝရှုခင်းများ၊ပင်လယ်ကမ်းစပ်များအပြင် နိုင်ငံခြားသား ခရီးသွားဧည့် သည်အများအပြား စိတ်ဝင်တစားလာရောက်လည်ပတ်ကြသည့်တန်ခိုးကြီးဘုရားများနှင့် တင့်တယ်လှပနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအနက် နိုင်ငံခြားသားခရီးသွားဧည့်သည်များကိုဆွဲဆောင်စေပြီး လာရောက်လည်ပတ်မှု အများဆုံးသောနိုင်ငံများတွင် မြန်မာနိုင်ငံသည်လည်း အပါအ၀င်ပင်ဖြစ်သည်



လက်ရှိတွင်လည်း နိုင်ငံခြားသားခရီးသွားဧည့်သည်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေတိဂုံစေတီတော်၊ဆူးလေစေတီတော်၊ကမ္ဘာအေးဘုရား၊ဗိုလ်တထောင်ဘုရား၊စွယ်တော်၊ သန်လျင်ရေလယ်ကျောက်တန်းဘုရား၊ကျိုက်ခေါက်ဘုရား၊ အဘယလာဘမုနိဘုရား၊ ငါးထပ်ကြီးဘုရား၊များအပြင် မွန်ပြည်နယ်၊ကျိုက်ထို မြို့မှ ကျိုက်ထီးရိုးဘုရား၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၊သံဗုဒ္ဒေဘုရား၊ရှမ်းပြည်နယ်ရှိ ရွှေဦးမင်းဘုရား၊များနှင့် အခြားတန်ခိုးကြီးဘုရားများကို လာရောက်ကြပြီး ဘုရားများ တည်ရှိရာဒေသ၏ သဘာဝဓလေ့စရိုက်များကိုလည်းလေ့လာကြသည်

Advertisment
advertisment

ထိုသို့ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည်များလာရောက်လည်ပတ် ခြင်းသည် နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေများစွာရရှိနေသော လမ်းကြောင်းတစ်ခုဟုဆိုလျှင်မှားမည် မထင်ပေ၊

သို့သော် ၄င်းနိုင်ငံခြားသားခရီးသွားဧည့်သည်များထံမှ ဇုန်ဝင်ကြေးကောက်ခံရရှိမှုများကိုမူ မည်သည့်အခန်းကဏ္ဍများတွင် ပြန်လည်အသုံးပြုခြင်းနှင့်၎င်းကောက်ခံငွေများမှ နိုင်ငံခြားသား ခရီးသွားများ ၏ လေ့လာလည်ပတ်မှု အပေါ်မည်သို့ဆောင်ရွက်ပေးသည်ဆိုသည်နှင့်ပတ်သက်၍ လာရောက်လည်ပတ်သူနိုင်ငံခြားသားခရီးသွားအများစုက သိရှိလိုသည့်အခြေအနေတစ်ရပ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ ထုတ်ဖော်ပြသမှုအားနည်းခြင်းကြောင့် ၄င်းအခြေအနေအပေါ်တွင် မေးခွန်းထုတ်ဖွယ်ရာများစွာရှိနေဖွယ်ဖြစ်နေလေသည်။

'' သူတို့သိချင်တယ်ဆိုတာ တကယ်တမ်းတွေးကြည့်ရင် အဲ့ဒီမေးခွန်းက မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အနေနဲ့ဒီနိုင်ငံကိုလာရောက်လည်ပတ်တယ်။ တန်းခိုကြီးဘုရားတွေမှာပဲဖြစ်ဖြစ်။ တခြားသဘာဝဓလေ့စရိုက် တွေကို လေ့လာလိုတာပဲဖြစ်ဖြစ်ပေါ့။ အဲ့ဒီလိုသွားတဲ့အခါမှာ ဇုန်ဝင်ကြေးတွေ ပေးနေရတယ်။ ဒါပေမယ့် ဒီ ဇုန်ဝင်ကြေးတွေကို ဘယ်လောက် ကောက်ခံတယ် ဆိုတာကိုတော့ မြန်မာလိုတစ်မျိုး၊ အင်္ဂလိပ်လိုတစ်မျိုးနဲ့ဖော် ပြကြတယ်။ဒါပေမယ့် သူတို့ပေးလိုက်တဲ့ ဒီငွေတွေကို ဘယ်လိုနေရာမှာသုံးလဲဆိုတာကိုတော့ သူတို့မသိရတာကတော့ သူတို့အနေနဲ့ ကြည့်မယ်ဆိုရင် ဒီလိုမျိုးတွေကို ဒီက သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ဖော်ပြပေးဖို့လိုမယ်ထင်တယ်'' ဟု  နိုင်ငံခြားခရီးသွားများအတွက် ဧည့်လမ်းညွန်ဝန်ဆောင်မှုပေးနေသူတစ်ဦးဖြစ်သူ ကိုကျော်ဇင် ထိုက်က ပြောသည်။

ရွှေတိဂုံစေတီတော်
ယင်းသို့ နိုင်ငံခြားခရီးသွားဧည့်သည်များအနေဖြင့် မြန်မာနိုင်ငံရှိတန်ခိုးကြီးဘုရားများ၊ ရိုးရာဓလေ့ထုံးတမ်းများနှင့်သဘာဝရှု့ခင်းများအပေါ်လေ့လာလိုသည့်အတွက်လေကြောင်း ၊ရေကြောင်း၊နယ်စပ်ဝင်ပေါက်တို့မှဝင်ရောက်မှု များရှိရာ ပြီးခဲ့သည့် ၂၀၁၇ခုနှစ်အတွင်းတွင် နိုင်ငံခြားသား ခရီးသည် ၀င်ရောက်မှု ၃.၄ သန်းကျော် ရှိခဲ့သည်။ နယ်စပ်ဝင်ပေါက်မှ ၀င်ရောက်သူ စုစုပေါင်း နှစ်သန်းကျော် အထိရှိခဲ့ကြောင်းသိရသည်။ ၂၀၁၈ခုနှစ် မေလ အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် နိုင်ငံခြားခရီးသွားဧည့်သည်မှာ တစ်သန်းကျော်နေပြီဖြစ်ကြောင်း''ထုတ်ပြန်ချက်များအရသိရသည်။

နိုင်ငံခြားသားခရီးသွားများ လာရောက် လည်ပတ်မှုနှင့်တန်းခိုးကြီးဘုရားများဖူးမျှော်မှုများသည် နှစ်စဉ် လူဦးရေ ၅သိန်းခန့်ရှိပြီး ရွှေတိဂုံစေတီတော်သို့ လာရောက်ခဲ့သည့် နိုင်ငံခြားခရီးသွားများထံမှ ရရှိသည့် ဇုန်ဝင်ကြေးမှာ၂၀၁၇ နှစ် တစ်နှစ်လုံးနှင့် ၂၀၁၈ မေလ အထိ ကျပ်ငွေ ၅.၃ ဘီလီယံရှိနေပြီဖြစ်သည်။ လာရောက်ကြသည့် ဧည့်သည်အများစုမှာအာဆီယံနိုင်ငံများမှ ဖြစ်သည်။

'' များသောအားဖြင့်တော့ ထိုင်းနိုင်ငံ၊ကိုရီးယားနိုင်ငံ၊တရုတ်နိုင်ငံတွေက နိုင်ငံခြားသား ခရီးသွားတွေကတော့ လာရောက်ဖူးမျှော်သူအများဆုံးပေါ့။တစ်ခါလာရင်လည်း တစ်ဖွဲ့ကို နိုင်ငံခြားသား ခရီးသွားဧည့်သည်က ၂၀၊၃၀ လောက်ရှိတယ်။နောက် တခြားဥရောပနိုင်ငံတွေကနေ လာရောက် လည်ပတ်တဲ့လူတွေလည်း ရှိတယ်။ သူတို့ကတော့ လာရင် ၃ယောက်တစ်ဖွဲ့လောက်က အများဆုံးပဲ '' ဟု ရွှေတိဂုံစေတီတော် ဘုရားလုံခြုံရေးအဖွဲ့ဝင်
တစ်ဦးက ပြောကြားသည်။

ထို့အပြင် နိုင်ငံခြားခရီးသွားများထံမှဇုန်ဝင်ကြေးများကောက်ခံမှုများတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိစေတီပုထိုးများနှင့်ဘုရားများ၌ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်တွင် ရွှေတိဂုံစေတီတော်ကြီးသို့ နိုင်ငံခြားသားဇုန်ဝင်ကြေး သတ်မှတ်ချက်အဖြစ် တစ်ဦးလျှင် ငွေကျပ် ၈၀၀၀၊ ဆူးလေးစေတီတော် ၀င်ကြေးအဖြစ် ငွေကျပ် ၃၀၀၀၊ဗိုလ်တ ထောင်ဘုရားဝင်ကြေးအဖြစ် ငွေကျပ် ၆၀၀၀၊ကမ္ဘာအေးဘုရားဝင်ကြေးအဖြစ် ငွေကျပ် ၃၀၀၀ကို သတ်မှတ် ကောက်ခံကြောင်းသိရသည်။

 ၂၀၁၇ခုနှစ်၊ဇွန် ၁ရက်တွင် ရွှေတိဂုံစေတီတော်ကြီးသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ ဇုန်ဝင်ကြေးအဖြစ် တစ်ဦးလျှင်ငွေကျပ် တစ်သောင်းနှုန်း သတ်မှတ်ထားကြောင်း ရွှေတိဂုံစေတီတော်ေ ဂါပကအဖွဲ့၏ ရုံးအဖွဲ့မှူးဖြစ်သူ ဦးထွန်းအောင်ငွေက ပြောကြားသည်။

'' သတ်မှတ်ဇုန်ဝင်ကြေးကတော့ တစ်ယောက်ကို တစ်သောင်းပါ။ တစ်ရက် ပျဉ်းမျှ လာရောက်ဖူးမြော်တဲ့ နိုင်ငံခြားသားက တစ် ထောင်ကျော်ရှိတယ်။ထောင့်တစ်ရာ၊ထောင့်နှစ်ရာ အဲ့ဒိလောက်အထိ ရှိပါတယ်'' ဟု ၄င်းက ပြောကြားသည်။၎င်းရွှေတိဂုံစေတီတော်ကြီးသို့ လာရောက်ဖူးမြော်သည့် နိုင်ငံခြားသားဧည့်သည်များ၏ ဇုန်ဝင်ကြေးကို ၁၉၉၅ ခုနှစ်မှစတင်ကာ အစိုးရက နိုင်ငံခြားဝင်ငွေရရှိနိုင်ရန်နှင့် နိုင်ငံခြားသား
ခရီးသွားများ လေ့လာနိုင်ရန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၄င်းကဆိုသည်။ ယင်းသို့ဇုန်ဝင်ကြေးအဖြစ် သတ်မှတ်ကောက်ခံမှုကို ၄င်း ၁၉၉၅ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာအဖြစ် မှစတင်သတ်မှတ်ကောက်ခံခဲ့
ပြီး ၂၀၁၃ခုနှစ်၊ အောက်တိုဘာ ၁ရက်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅ဒေါ်လာမှ ၈ ဒေါ်လာ တိုးမြင့် ကောက်ခံခဲ့သည်။

၂၀၁၇ခုနှစ်၊ဒီဇင်ဘာလတွင်မူ နိုင်ငံခြားသားခရီးသွားဧည့်သည်တစ်ဦးလျှင် လက်ရှိအမေရိကန်ဒေါ် လာနှင့် မြန်မာကျပ်ငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာ ၈ဒေါ်လာခန့်၊မြန်မာကျပ်ငွေ၁၀၀၀၀ ကျပ်အား ကောက်ခံလျက်ရှိကြောင်းသိရသည်။

'' ပွင့်လင်းမြင်သာမှုမရှိတာ ဘာတစ်ခုမှ မရှိဘူး။ ဒါတွေကိုဘယ်မှာသုံးလဲဆိုရင် ဟိုးအရင် ရွှေတိဂုံစေတီတော်ကြီးရဲ့ဖြစ်တည်မှုအခြေအနေနဲ့ အခုလက်ရှိ အခြေအနေကို aလာလောဆယ် မျက်မြင်အရပဲကြည့်လေ။ အရင်တုန်းက စက်လှေကား၊ဓာတ်လှေကားတွေမရှိဘူး။ အခုနောက်ပိုင်း ဒီလိုတိုးတက်ပြောင်းလဲလာတာ တွေအပြင် ဘုရားဖူးပြည်သူတွေ နားနေဖို့နေရာတွေ ၊ရွှေတိဂုံစေတီတော်ကြီးအပြင် တခြားသော သာသနိကအဆောက်အအုံတွေကို ပြုပြင်မှုတွေ လုပ်နေတာလည်း အမြင်အတိုင်းပဲ။ ဒါတွေက ကျွန်တော်တို့က ဘယ်က ရလို့လုပ်ရမှာလဲ။ ဒီလိုဝင်ကြေးတွေ၊ဘုရားဖူးပြည်သူတွေရဲ့ လှူဒါန်ငွေနဲ့လုပ်တာပေါ '' ဟု ရွှေတိဂုံစေတီတော် ဘုရားဂေါပကအဖွဲ့၏ တာဝန်ရှိ သူတစ်ဦးကဆိုသည်။

ရွှေတိဂုံစေတီတော်ကြီးမှ နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် အများပြည်သူလှူဒါန်းငွေတို့မှ ရရှိ သည့်ငွေကြေးများကို ရွှေတိဂုံစေတီတော်တွင် အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ နိုင်ငံခြားသားခရီးသွား ဧည့်သည်များအတွက် လမ်းညွန်မြေပုံ၊လက်ကမ်းစာစောင်၊ဓာတ်လှေကားအပြင် ဗွီနိုင်းဆိုင်းဘုတ်များ၊LEDဘုတ်မြေပုံများပြင်ဆင်တပ်ဆင်ခြင်းနှင့် ဘုရားဖူးပြည်သူများအဆင်ပြေချောမွေ့စေရေးအတွက် နားနေဆောင် များစသည့် ကဏ္ဍများတွင် ပြန်လည်အသုံးပြုခြင်းများဆောင်ရွက်ခဲ့သည့်အ ပြင် ကျန်ရှိငွေများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီမံကွပ်ကဲကာ အစိုးရအဖွဲ့မှ သက်ဆိုင်ရာဘဏ်များတွင် ထည့်သွင်းအပ်နှံထားကြောင်းလည်း သိရသည်။

မန္တလေးတိုင်းရှိ ပုဂံယဉ်ကျေးမှုဇုန်

မန္တလေးတိုင်းဒေသကြီးရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနယ်တွင်လည်း ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသားခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ၁၉၅,၃၇၂ ဦးအထိရှိခဲ့ပြီး ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင်မူ ၂၄၁၉၆၅ ဦးရေအထိ လာရောက်လည်ပတ်မှုများရှိခဲ့ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊  ပုဂံဌာနခွဲ၏ စာရင်းများအရသိရသည်။

၂၀၁၆ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဝင်ရောက်မှုသည်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ၂ ဒသမ ၉သန်းခန့်သာရှိခဲ့ပြီး ၂၀၁၅ခုနှစ်တွင် နိုင်ငံခြားသား ၀င်ရောက်မှုထက် ၁ ဒသမ ၈သန်းခန့်နည်းပါးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၇ခုနှစ်တွင်မူ ၃ ဒသမ ၅သန်းအထိပြန်လည်ဝင်ရောက်မှုရှိခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။နိုင်ငံအတွင်း ပဋိပက္ခများရှိနေသော်လည်း

World Travel and Tourism Council ရဲ့' Travel and Tourism''Economic Impact Myanmar 2017 အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် နိုင်ငံ့ GDP ၏ ၂.၇ ရာခိုင်နှုန်းဖြစ်သော အမေရိကန်ဒေါ်လာ ၂ ဘီလီယံမှာ ခရီးသွားလုပ်ငန်းမှ ရရှိခဲ့သည်ဟု ဖေါ်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်း အထိရောက်ရှိနိုင်ကြောင်း ၄င်း အစီရင်ခံစာတွင်ခန့်မှန်းချက်ကိုဖော်ပြခဲ့သည်။

၎င်း နိုင်ငံခြားခရီးသွားလုပ်ငန်းများမှကောက်ခံရရှိသည့် ငွေကြေးများ၏ ၂ ရာခိုင်နှုန်းကိုမူ ရေရှည်တံ့တည်ခိုင်မြဲစေရေးအတွက် ပြန်လည်ပြုပြင်မှု လုပ်ငန်းများတွင်အသုံးပြုလျက်ရှိကြောင်း ၄င်းဒေသလွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။

'' အခုလောလောဆယ်မှာ ဘုရားတွေကို ပြန်လည်ပြုပြင်မွမ်းမံဖို့ကို တိုင်းအစိုးရက ၂ရာခိုင်နှုန်းသော ငွေကြေး နဲ့ ဖော်ဆောင်နေတာတွေရှိပါတယ်။ဒါပေမယ့်လည်း ဒီ ၂ရာခိုင်နှုန်းက အရမ်းကိုနည်းတယ်။ တကယ်တမ်းသာ ဒီဒေသမှာရှိတဲ့ဘုရားတွေ၊စေတီတွေကိုပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် ဒီ ၂ရာခိုင်နှုန်းဆိုတာ တော်တော်လေးကို နည်းနေတယ်။ အဲ့ဒီအတွက်လည်း လာမယ့်နှစ်ဘက်ဂျတ်မှာ ဒီပုဂံဘုရားတွေကို ထိန်းသိမ်းမွမ်းမံဖို့အတွက် တောင်းဆိုသွားမှာပါ'' ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောကြားသည်။

လက်ရှိတွင် ၄င်းပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့  UNSCO မှ ရှေးဟောင်းဇုန်အဖြစ်အသိအမှတ်ပြု ဆောင်ရွက်နိုင်ရန် လုပ်ဆောင်နေကြောင်းလည်း ၄င်းကဆိုသည်။

အင်းလေးကန်
ရှမ်းပြည်နယ်တောင်ပိုင်းရှိ အင်းလေးကန်သည်လည်း နိုင်ငံခြားသားခရီးသွားများသွား ရောက်လေ့လာ မှုများပြားသည် ဒေသတစ်ခုဖြစ်သည်။ အင်းလေးကန်သို့လာရောက်လေ့လာသည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ၏ ဇုန်ဝင်ကြေးကောက်ခံမှုတွင် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ(သို့မဟုတ်) မြန်မာကျပ်ငွေ ၁၃၅၀၀ကျပ် သတ်မှတ်ကောက်ခံ ကြောင်းလည်း သိရသည်၎င်းအင်းလေးကန်ကို အင်းလေးဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီက နိုင်ငံခြားသားခရီးသွား ဧည့်သည်များ၏ ဇုန်ဝင်ကြေးကောက်ခံမှုများကို ပုဂလိကသို့လုပ်ကိုင်ခွင့် ပေးထားပြီး နေ့ချင်းသွင်းစနစ်ဖြင့် ဇုန်ဝင်ကြေးကောက်ခံမှုကို ပြုလုပ်ကြောင်းလည်း သိရသည်။

ထို့အပြင်လေလံစနစ်ဖြင့်ပုဂလိကလုပ်ကိုင်ခွင့်ပြုထားသည့်အတွက်လည်း ၂၀၁၇-၂၀၁၈၏ လေလံကြေးသည် ၃၀၀၃၃သိန်းဖြင့် ပုဂ္ဂလိက လုပ်ငန်းများက ဇုန်ဝင်ကြေးများကို ကောက်ခံခွင့်ရရှိခဲ့ပြီး ကောက်ခံခွင့်ရရှိသည့် နှစ်အတွင်းတွင် ယင်းကောက်ခံရရှိငွေမှာ ၄၅ရာခိုင်နှုန်းကို ရှမ်းပြည်နယ်အစိုးရနှင့် Inle Lake Trust Fund ထံသို့ပေးသွင်းရကြောင်းနှင့် ၆ရာခိုင်နှုန်းကို ၀န်ထမ်းအသုံးစရိတ်နှင့်ကျန် ၂ရာခိုင်နှုန်းကို အင်းလေးကန် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခွဲဝေထားကြောင်းလည်းသိရသည်။

၎င်းအင်းလေးကန်ဒေသ၏ ဇုန်ဝင်ကြေးများကောက်ခံရရှိမှုတွင်လည်း ပြီးခဲ့သည့် ၂၀၁၇ခုနှစ်၊ဧပြီလ မှ ဒီဇင်ဘာလအထိ ၉လအတွင်းတွင် ကျပ်သိန်းပေါင်း ၁၇၂၂၈၀၀၀၀ အထိ ရရှိခဲ့ပြီး နိုင်ငံခြားသားခရီးသည်လာရောက်မှုသည် တစ်သိန်းသုံးသောင်းကျော် ၀င်ရောက်ခဲ့မှုများ ရှိခဲ့ကြောင်းလည်းသိရသည်။



By Lu Thit

He was with Myanmar publications The Ladies,  the People’s Wish and TOMORROW as a journalist. He has been  writing about changes of lifestyle, urban transportation, environment, and politics in Myanmar

0Comments

Leave a Comments