In Focus

နိုင်ငံခြားငွေစက္ကူအသစ်ကိုသာ ဦးစားပေး လက်ခံလဲလှယ်ပေးနေတဲ့အစွဲ ပြောင်းလဲသင့်ပြီ

missing
Photo - Phyo Thiha

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားခရီးသွားတွေအများစုအနေနဲ့ မလွဲမသွေ ဝေဖန်ပြောဆိုတာ တစ်ခု ရှိပါတယ်။ ဒါကတော့ ဒေါ်လာငွေကို အသုံးပြုရတော့မယ်ဆိုရင် အဲ့ဒီငွေစက္ကူဟာအသစ်ချပ်ချွတ် ဖြစ်နေမှ ရမယ် ဆိုတာကိုပါပဲ။ ဒေါ်လာငွေကို မြန်မာငွေနဲ့လဲလှယ်တဲ့အခါ၊ ဒေါ်လာနဲ့ဝန်ဆောင်မှုတွေ ပေးချေတဲ့အခါ၊ ဒေါ်လာအသုံးပြုပြီး အရောင်းအဝယ် လုပ်ကြတဲ့အခါမှာ နိုင်ငံခြားသားတွေ မဖြစ်မနေ ကြုံတွေ့ရတာ ဖြစ်ပါတယ်




ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်ပြီး လုပ်ငန်းလုပ်ကိုင်နေသူတစ်ချို့ကတော့ ဒေါ်လာငွေစက္ကူဆိုရင် အသစ်စက်စက်ဖြစ်မှ အသုံးပြုလို့ရတဲ့ အခြေအနေဟာ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်ကနေ လက်ရှိ အချိန်အထိ ကြုံတွေ့နေရဆဲဖြစ်ပြီးဗဟိုဘဏ်ရဲ့ ဖြေရှင်းဆောင်ရွက်ပေးတာကို အားရမှုမရှိသေးဘူးလို့ ဝေဖန်ပြောဆိုမှုတွေရှိနေဆဲပါ



'' ဒါကို ဗဟိုဘဏ်က ထိန်းလိုက်ရင် အဆင်ပြေသွားမယ့်နည်းလမ်းပါ။သိပ်ပြီးတော့ခက်ခဲနေတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ ဒါပေမယ့်ခုထိမဖြေရှင်းတာကို ကျွန်မတို့ သိပ်နားမလည်ဘူး''ဟု  Nature Dream Tour ကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်သူ ဒေါ်စံပယ်အောင် My Magical Myanmar ကိုသုံးသပ်ပြပါတယ်။

Package Tour အစီအစဉ်နဲ့ သေချာပေါက်လာရောက်လည်ပတ်ကြမယ့် နိုင်ငံခြားခရီးသွားတွေကို သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းလုပ်ကိုင်တဲ့ကုမ္ပဏီတွေက မြန်မာနိုင်ငံကိုလာရင် အဆင် မပြေမှုတွေ မကြုံရအောင် အသစ်စက်စက်ဖြစ်မယ့် ဒေါ်လာတွေကိုသာဆောင်လာကြဖို့ ကြိုတင်အကြားကြားရတဲ့အထိ သတိပေးတာတွေရှိပါတယ်။ ဒါပေမယ့် အလွတ်သဘောနဲ့ လာရောက်လည်ပတ်တဲ့ ပြည်ပခရီးသွားဧည့်သည်(Free  Independent Traveler) တွေကတော့ဒီလိုသတင်းအချက်အလက်မရလို့ ဒေါ်လာနဲ့ပတ်သက်ပြီး အခက်အခဲဖြစ်ရတာတွေရှိနေပါတယ်။

ဒေါ်လာငွေနဲ့ ပတ်သက်ပြီး ကြုံတွေ့နေရတဲ့အဆင်မပြေမှုမြန်မာနိုင်ငံအနှံ့မှာ Credit Card နဲ့ ပေးချေရတဲ့စနစ်က ကျယ်ကျယ်ပြန့်ပြန့် မဆောင်ရွက်သေးနိုင်တာကြောင့် ဒေါ်လာငွေကိုပဲ အဓိက အသုံးပြုနေရပါသေးတယ်။ ဒါကြောင့် ဒေါ်လာကို မြန်မာငွေ(ကျပ်)နဲ့ လဲလှယ်တဲ့အခါ၊ ဈေးဝယ်ထွက်တဲ့အခါ၊ ဟိုတယ်နဲ့ လေယာဉ်လက်မှတ်ခ ပေးချေတဲ့အခါ၊ စားသောက်ဆို င်တွေမှာ အစားအသောက်စားတဲ့အခါ ငွေကို တော်တော်လေးသစ်လွင်နေမှ လက်ခံကြလို့ နိုင်ငံခြားသား
ခရီးသွားတွေမနှစ်မြို့တာကို  တွေ့နေရပါတယ်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့လည်း ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်ကတည်းက အမေရိကန်ဒေါ်လာ(US Dollar)၊ ယူရို (Euro)၊ စင်္ကာပူဒေါ်လာ (Singapore Dollar)အပြင် အခါအားလျှော်စွာ အသုံးပြုနေတဲ့ နိုင်ငံခြားငွေတွေ ဟောင်းနွမ်းချွတ်ယွင်းနေမယ်ဆိုရင် လက်ခံဖို့အတွက်ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရပါတယ်။ညွှန်ကြားချက်ထဲမှာတော့ ဟောင်းနွမ်းသော်လည်း အစစ်အမှန်ဟု အလွယ်တကူ ခွဲခြားနိုင်သောငွေစက္ကူ၊ money changer ရဲ့ Sealတံဆိပ်များ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူ၊ မင်ရာနဲ့လက်မှတ်များပါရှိနေတဲ့ ငွေစက္ကူ၊ အနည်းငယ်စွန်းထင်းပြီး Spot အစက် ပါတဲ့ ငွေစက္ကူ၊ ခေါက်ရိုးကျိုး၍ အနည်းငယ်ပွန်းနေပြီးမျက်နှာပြင်အစွန်းကွက်ရှိပေမယ့် အစစ်အမှန်လို့ အလွယ်တကူဆုံးဖြတ်လို့ရတဲ့ ငွေစက္ကူနဲ့ ငွေစက္ကူအနားထောင့်စွန်းများ အနည်းငယ်စုတ်ပြဲနေပေမယ့် ဆွေးမြေ့ခြင်းမရှိတဲ့ ငွေစက္ကူတွေကို လက်ခံသုံးစွဲဖို့စတဲ့အချက်တွေပါဝင်ပါတယ်။

ဒါပေမယ့် လက်ရှိအမေရိကန်ဒေါ်လာကို သုံးနေရတဲ့အခါမှာ အစွန်းအထင်းရှိတဲ့ငွေစက္ကူ၊ နွမ်းတဲ့ခေါက်ရိုးကျိုးတဲ့ ငွေစက္ကူနဲ့ တံဆိပ်တုံးပါရှိတဲ့ ငွေစက္ကူတွေဆို ဘဏ်တွေနဲ့ money changer တွေမှာ လက်မခံတာရှိနေသေးတယ်လို့ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်နေတဲ့သူတွေနဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေက ဝေဖန်ပြောကြားနေတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံကို အလွတ်သဘောနဲ့လာရောက်လည်ပတ်တဲ့ ပြည်ပခရီးသွား ဧည့်သည်တစ်ဦးဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဂျိုးဇက်ဘက်ကတော့ '' မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ထိုင်းနဲ့ ကမ္ဘောဒီးယားတို့မှာ ဒေါ်လာကို အခုလို ကန့်သတ်ထားတာမျိုး မရှိပါဘူး၊ အသုံးပြုလို့ရပါတယ်။ ဒေါ်လာကိုအသစ်ချပ်ချွတ်ဖြစ်မှ ရမယ်လို့ ပြည်ပဧည့်သည်တွေကို အသိပေးကြပေမယ့် ပြည်တွင်းမြန်မာငွေစက္ကူကို ဟောင်းနွမ်းစုတ်ပြဲနေတာတောင် သုံးနေတာ တွေ့ရပါတယ်''လို့ ဝေဖန် ပြောကြားပါတယ်။

ဝါရင့်ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းချိုကလည်း '' ဒေါ်လာကိစ္စက အခုချိန်ထိ မပြောင်းလဲသေးပါဘူး။ အရင်အတိုင်းပါပဲ'' လို့ ဆိုပါတယ်။မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့ ဒေါ်လာငွေစက္ကူ လဲလှယ်ပေးတဲ့အပေါ် စည်းကမ်းချက်တွေသတ်မှတ်ပေးထားပေမယ့်လည်း နိုင်ငံခြားငွေလဲလှယ်ပေးတဲ့ ဘဏ်တွေ တစ်ခုနဲ့တစ်ခုကတော့ဒေါ်လာငွေစက္ကူ လဲလှယ်ပေးတဲ့နေရာမှာ သတ်မှတ်ချက် မတူညီတာတွေ ရှိနေတယ်လို့ ဧည့်လမ်းညွှန်(အင်္ဂလိပ်) တစ်ဦးဖြစ်သူ ကိုရဲအောင်ဇော်က ပြောပါတယ်။

'' ရန်ကုန်လေဆိပ်မှာ လက်မခံပေမယ့် ပုဂံလေဆိပ်က money changer မှာလက်ခံတယ်။ ဒါကြောင့် ဒီတစ်နေရာမှာ လဲလို့မရရင်နောက်တစ်နေရာမှာလဲဖို့ ကျွန်တော်တို့က အကြံပေးတာရှိပါ တယ်'' လို့ သူက ရှင်းပြပါတယ်။ပုဂ္ဂလိက ဘဏ်တွေနဲ့ money changerတို့ရဲ့ဒေါ်လာငွေ လက်ခံပေးနိုင်မှု အနေအထား၂၀၁၂ခုနှစ်၊ သြဂုတ်လ ၁၀ ရက်မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ မြန်မာနိုင်ငံဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းလိုင်စင် (Authorized Dealer License)နဲ့နိုင်ငံခြားငွေဝယ်ယူ/ရောင်းချလဲလှယ်ပေးခွင့် လိုင်စင် (Mo-ney Changer License )တွေကို ဘဏ်တွေအတွက် ခွင့်ပြုပေးခဲ့သလိုဘဏ်မဟုတ်တဲ့ကုမ္ပဏီအဖွဲ့အစည်းတွေကိုလည်း Money Changer License တွေကို ခွင့်ပြုပေးခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်နဲ့ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် (၂)နှစ် အတွင်းမှာ ဘဏ်မဟုတ်တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေကို Money Changer License (၉၅)ခု ခွင့်ပြုခဲ့သလို ငွေလဲလှယ်ကောင်တာ (၁၃၁) ခု တိုးချဲ့ဖွင့်လှစ်ခွင့်ပြုထား ပြီး ဖြစ်တဲ့အတွက် ၂၀၁၈ခုနှစ်၊ မတ်လ ၁၃ ရက်အထိ ငွေလဲလှယ်ကောင်တာ (၄၂၅) ခုကို မြန်မာနိုင်ငံအနှံ့ ဖွင့်လှစ်ထားပြီး ဖြစ်ပါတယ်။ ငွေလဲလှယ်ကောင်တာ(Money Changer) တွေရဲ့ နိုင်ငံခြားငွေ ဝယ်ယူ/ရောင်းချလဲလှယ်မှုနှင့် ပက်သက်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် အစိုးရအဖွဲ့ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူဦးဝင်းသော်က '' ဒီအပေါ်မှာ လိုက်နာဆောင်ရွက် မှု မရှိတဲ့ ပြသနာလေးတွေတော့ ကြားကြားနေရပါတယ်။ တစ်ချို့လည်း တရားဝင်တိုင်တာရှိရင် အရေးယူဆောင်ရွက်ဖို့လည်းရှိပါတယ်။ အဟောင်းနဲ့အသစ်မှာ ဈေးကွာတာတော့ ရှိတာပေါ့''လို့ My Magical Myanmar ကို ဖြေကြားခဲ့ပါတယ်။ သူဟာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန (Foreign Exchange Managment Department) မှာ ညွှန်ကြားရေးမှူးချုပ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။

ပြည်တွင်းဘဏ်များနဲ့ ငွေလဲကောင်တာများမှ ဝန်ထမ်းများရဲ့ နိုင်ငံခြားငွေ ဝယ်ယူ/ရောင်းချ၊ လဲလှယ်ဆောင်ရွက်မှုတွေမှာ သူတို့ရဲ့ကျွမ်းကျင်မှုနဲ့ နားလည်တတ်ကျွမ်းမှု အကြားကွာဟသွားမှုရှိနေ တာကြောင့် လက်ရှိအခြေအနေမှာအဆင်မပြေမှုတွေ ဖြစ်နေသေးကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးခင်အောင်ထွန်းက  သုံးသပ်ထားပါတယ်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ပြည်တွင်းဘဏ်များ၊ ငွေလဲကောင်တာများမှာ အမေရိကန်ဒေါ်လာ ဝယ်ယူ/ရောင်းချမှုတွေနဲ့ ပက်သက်ပြီး ဆွေးနွေးမှုတွေလုပ်ခဲ့တာ သုံးနှစ်ကျော်နီးပါးရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

'' ဗဟိုဘဏ်ကတော့ ကျွန်တော်တို့နဲ့တွေ့တဲ့အခါ ဟောင်းနွမ်းငွေစက္ကူတွေကိုလက်ခံဖို့ ညွှန်ကြားထားပါတယ် ပြောတယ်။ ဒါပေမယ့် ကျွန်တော်ပြောသလို ကျယ်ကျယ် ပြန့်ပြန့် ကွင်းဆင်းစစ်ဆေးတာတွေ၊ လိုအပ်တဲ့သင်တန်းတွေ ပေးတာတွေ ဒါတွေကို မလုပ်နိုင်ဘူးဖြစ်
နေတယ်''လို့ဦးခင်အောင်ထွန်းကဆိုပါတယ်။

ဝါရင့်ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ''နိုင်ငံခြားသားတွေက complainတက်လို့ ဘဏ်ကဝန်ထမ်းလေးတွေ မေးကြည့်တော့ ကျွန်မတို့ကပြန်အပ်တဲ့အခါ အထက်က မယူရင် လျော်ရတာလို့ ဘဏ်ဝန်ထမ်းတွေက ပြောတယ်''လို့ သူရဲ့အတွေ့အကြုံကို ရှင်းပြပါတယ်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊အနော်ရထာလမ်းပေါ်ရှိတဲ့ Fame Authorized Money Changer က အရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ မဖူးပွင့်သူ ပြောပြတာကတော့လာရောက်လဲလှယ်တဲ့ အမေရိကန်ဒေါ်လာငွေစက္ကူတွေမှာအဟောင်းဖြစ်ခြင်း၊တံဆိပ်တုံးနှိပ်ထားခြင်းနဲ့ ပြဲနေပါက ဒေါ်လာတစ်ရာတန်ဖြစ်ပါကပေါက်ဈေးမှာ မြန်မာငွေ ငါးရာကျပ်သာ လျော့နည်းတဲ့နှုန်းနဲ့ လဲလှယ်ပေးတယ်လို့ My Magical Myanmar ကို ပြောပါတယ်။ အမေရိကန်ဒေါ်လာ အဟောင်းတွေကို ဝယ်ယူလိုလျင်လည်း လျှော့ဈေးနဲ့ ပြန်လည်ရောင်းချပေးတယ်လို့ ဆိုပါတယ်။

'' လာလဲတဲ့သူတွေကို တတ်နိုင်သမျှတော့ ရှင်းပြပေးပါတယ်။ တစ်ချို့ကတော့ လက်မခံတော့ မရောင်းတော့ဘူး။ လက်ခံတဲ့သူကျတော့ရောင်းပါတယ်။ သူတို့ဆီမှာကတော့ ဘယ်မှာ
ဖြစ်ဖြစ်သုံးလို့ရပေမယ့် ဒီမြန်မာနိုင်ငံတစ်ခုပဲဖြစ်နေတာ။ ထိုင်းမှာလည်း ဒေါ်လာက ဒေါ်လာပဲဆိုတော့ သုံးလို့ရတယ်'' လို့ မဖူးပွင့်သူက ဆိုပါတယ်။

'' အခုလို ငွေကို မခွဲခြားရင် ပိုပြီးတော့ အဆင်ပြေတာပေါ့။ ပြန်ရောင်းတာတို့ လေယာဉ်လက်မှတ်ပေးတာတို့ဆိုရင် customerတွေက ကောင်းတာပဲ အသန့်ပဲ လိုချင်ကြတာ။ ဒီလိုမျိုး မခွဲခြား
ထားရင်တော့ အကုန်အဆင်ပြေပါတယ် ''လို့ သူ့ဆန္ဒကို ပြောပြပါတယ်။

ဗဟိုဘဏ်ရဲ့ အရေးယူဆောင်ရွက်မှုပြည်တွင်းဘဏ်များနဲ့ ငွေလဲကောင်တာတွေက ဝန်ထမ်းတွေရဲ့ နိုင်ငံခြားငွေဝယ်ယူ/ရောင်းချလဲလှယ် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ညွှန်ကြားချက် အပေါ်မှာ လိုက်နာဆောင်ရွက်မှု အားနည်းပါက ဗဟိုဘဏ်က တာဝန်ရှိသူများတွေက ဘဏ်များနဲ့ Money changer တွေကို အဟန့်အတားမဖြစ်အောင်၊ ဆုံးရှုံးမှုမများအောင်ညှိုနှိုင်းဆွေးနွေး ပညာပေးလုပ်ငန်းတွေ လုပ်နေတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ရှင်းပြပါတယ်။

စည်းကမ်းချက် မလိုက်နာသူများကို ခေါ်ယူသတိပေးခံဝန်လက်မှတ်ထိုးစေခြင်း၊ထိုမှမလိုက်နာပါက ပျက်ကွက်မှုတစ်ခုလုပ်တိုင်းဒဏ်ကြေးပေးဆောင်စေခြင်းအပြင် နောက်ပိုင်းတွင် လိုင်စင်ပိတ် သိမ်းသည်အထိ အရေးယူသွားရန် စီစဉ်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ စည်းကမ်းမလိုက်နာသူတွေကို ခေါ်ယူသတိပေး လက်မှတ်ထိုးစေတဲ့အဆင့်သာရှိသေးတယ်လို့ အတည်ပြုသိရပါတယ်။

'' အဆင်မပြေတာတွေ ရှိတယ်ဆိုရင်တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေကို တိုင်လိုက်ပေါ့ဗျာ။ တိုင်တဲ့အခါမှာ ဒီဆိုင်က တစ်ခါလည်းမရဘူး၊ နှစ်ခါလည်းမရဘူး၊ သုံးခါတိတိဆိုရင်တော့ အစစ်ဆေးခံရမှာဖြစ်ပါတယ်'' လို့ ဦးဝင်းသော်ကပြောပါတယ်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးခင်အောင်ထွန်းက '' အရင်ကထက်စာရင် တိုးတက်မှု အနည်းနဲ့ အများဖြစ်လာပေမယ့်အများကြီးကျန်နေသေးတယ်။ သူတို့(ဗဟိုဘဏ်) လုပ်နိုင်တဲ့ capacity နဲ့ ဘဏ်တွေကို ပြောလိုက်၊ဘဏ်တွေကလည်း သူတို့ထဲမှာ internal training ပြန်ပေးလိုက် အဲ့လိုမျိုးနဲ့ပဲဆက်သွားနေရအုံးမှာပါ'' လို့ ဆိုပါတယ်။

ဝါရင့် ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်းချိုကတော့ လက်ရှိကြုံတွေ့နေရတဲ့ အမေရိကန်ဒေါ်လာနှင့် ပတ်သက်ပြီး ဝယ်သူ/ရောင်းချအဆင်မပြေမှုတွေကို မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဌ၊ ခရီးသွားလုပ်ငန်းနှင့်ပက်သက်တဲ့ အဖွဲ့
အစည်းတွေ၊ ဘဏ်များနဲ့ ငွေလဲလှယ်ကောင်တာတွေက တာဝန်ရှိသူတွေ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖြေရှင်းကြဖို့ အကြံပြုပါတယ်။

'' ဗဟိုဘဏ်က လက်မခံလို့သာ ဒီလိုဖြစ်တာပေါ့၊သေချာတာပေါ့၊ အပြောနဲ့လက်တွေ့နဲ့ ကွာခြားနေတယ်လို့ထင်တယ်။ မျက်နှာချင်းဆိုင် ဖြေရှင်းလိုက်တာ အကောင်းဆုံးပါပဲ'' လို့ သူက ပြောပါတယ်။
Nature Dream Tour ခရီးသွားလုပ်ငန်းကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်သူ ဒေါ်စံပယ်အောင်ကတော့ ပြည်ပခရီးသွား ဧည့် သည်တွေဆီက အမေရိကန်ဒေါ်လာ အသစ်စက်စက်ကိုသာ ပြည်တွင်းဘဏ်တွေနဲ့ Money Changer တွေက လက်ခံပုံ နှင့်ပက်သက်ပြီး ယခုလို မှတ်ချက်ပေးပါတယ်။

'' ငွေစက္ကူသစ်လွင်မှ ရမယ်ဆိုတဲ့ ဆယ်စုနှစ်သုံးခုလောက်ရှိခဲ့တဲ့ အစွဲကြီးကို ချွတ်သင့်ပါပြီ။ ငွေကြေးသုံးစွဲပုံ ပေါ်လစီကို ဗဟိုဘဏ်အနေနဲ့ ပြန်လည်ဆန်းစစ်ပြီးတော့ နိုင်ငံခြားသားရော၊ မြန်မာရောအားလုံးအဆင်ပြေစေမယ့်၊ အခြားနိုင်ငံတွေမှာလိုပဲ ငွေကြေးသုံးစွဲတဲ့နေရာမှာ အခက်အခဲမရှိအောင် ကူညီပေးသင့်ပါပြီ''




Aung Phay Kyi Soe is a Journalist who worked as Culture, Tourism, Environment and Health Reporter for five years at The Messenger, The Trade Times,DEMOCRACY Today, The Voice and Mawkun In-Depth and Investigative Magazine. He won the Best Feature Award for Climate Change Reporting supported by UN-Habitat and organized by Myanmar Journalism Institute.

0Comments

Leave a Comments