Travel Sector Updates

'' အနောက်မြောက်ဒေသခရီး '' ကဒူး ကနန်းဒေသ ခရီးဝေးလမ်းကြမ်းကားမောင်းခရီးစဉ် ဒုတိယနေ့

missing
Photo - Aung Phay Kyi Soe

မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသအသစ်တွေ ပေါ်ထွက်လာဖို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဖော်ဆောင်နေတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းပြီး ခုနှစ်ညအိပ် ရှစ်ရက်ကြာ Journey the Northwest လို့ အုပ်စုလိုက် ခရီးဝေးလမ်းကြမ်းကားမောင်းခရီးစဉ်တခုကို စစ်ကိုင်းဒေသကြီး အရှေ့ဖက်ခြမ်း ကဒူး ကနန်း တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသတွေမှာ ဇန်နဝါရီလ ၂၆ နေ့အထိ ပြုလုပ်ခဲ့ပါတယ်

ဒီခရီးစဉ်ကို လိုက်ပါခဲ့တဲ့ My Magical Myanmar ရဲ့ senior writer အောင်ဖေကြည်စိုးက ကားမောင်းခရီးစဉ်ရဲ့ဒုတိယနေ့(DAY-2) ခရီးစဉ်ကို ရေးသားခဲ့ပါတယ်။

လင်းနို့ဂူ မနက်စာ နဲ့ စခဲ့တဲ့နေ့

မရောက်ဖူးတဲ့ ဒေသသစ်တစ်ခုမှာ အိပ်စက်လိုက်ရလို့ ကားယာဉ်တန်းမှာပါတဲ့အဖွဲ့ဝင်တွေဟာ အတွေ့အကြုံအသစ်တွေ ရရှိခဲ့ပါတယ်

Advertisment
advertisment

မိုးလင်းလို့ ရွက်ဖျင်တဲတွေ ပြန်လည်သိမ်းဆည်းကြတဲ့သူတွေ၊ မျက်နှာသစ်၊သွားတိုက်နဲ့ တကိုယ်ရေသန့်ရှင်းရေးလုပ်တဲ့သူတွေနဲ့ အဖွဲ့သားတွေ အလုပ်ရှုပ်နေကြပါတယ်။

မနက် ၇နာရီဆိုတာနဲ့ မနေ့က ညနေစာ စားခဲ့တဲ့ နေရာမှာ ဇင်းရွာသားတွေက မော်တော်ယာဉ်တန်းမှာပါတဲ့ အဖွဲ့ဝင်တွေ မနက်စာ သုံးဆောင်နိုင်ဖို့  ပြင်ဆင် ပေးထားပါတယ်။ မနက်စာတွေကတော့ ကောက်ညှင်းငချိတ်ပေါင်း၊ ကောက်ညှင်း ကျည်တောက်နဲ့ ဗယာကြော်၊ ပဲကြော်၊ တို့ဟူးကြော်စတဲ့ အကြော်စုံပူပူလေးတွေပါ။ ကောက်ညှင်း ငချိပ်ပေါင်းနဲ့ တွဲစားလို့ရအောင် ငါးခြောက်ထောင်းကြော်တွေကိုလည်း ရွာသားတွေက စီစဉ်ပေးပါတယ်။

ပြီးတော့ လက်ဖည်ရည်ကိုလည်း စီစဉ်ပေးပါတယ်။ ဒေသခံတွေအနေနဲ့ အခုလိုဧည့်သည်တေ ွလာလည်လို့ စီစဉ်ပေးနေရတာကို ကြည့်ရတာ အရမ်းကို ဝမ်းသာနေတဲ့ပုံပါပဲ။ နောက်ပိုင်းမှာ လင်းနို့ဂူဟာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည် ပတ်လို့ရမယ့် ခရီးစဉ်ဒေသဖြစ်ခဲ့ရင်သူတို့ဒေသ တိုးတက်လာလိမ့်မယ်လို့လဲ ယုံကြည်နေကြပါတယ်။ ကျွန်တော်က နံနက်စာကို ဘယ်အချိန်ထဲက ပြင်ဆင်နေကြတာလဲလို့ မေးကြည့်တော့ မနက် ၅နာရီလောက်ကထဲကလို့ ဒေသခံ ရွာသားတစ်ဦးက ပြန်ဖြေပါတယ်။ ဝန်ကြီးချုပ်ကလည်း လင်းနို့ဂူဒေသကို ecotourism site တစ်ခု ဖြစ်ချင်နေပါတယ်။

ခရီးကြမ်း ကားမောင်းပြိုင်ပွဲမှာပါတဲ့ အဖွဲ့ဝင်တွေဟာဒေသခံတွေ ကျွေးမွေးတဲ့ မနက်စာကိုအားရပါးရ သုံးဆောင်ကြပါ တယ်။ ပြီးတဲ့အခါ အဖွဲ့ဝင်တွေဟာ လင်းနို့ဂူအနီးတဝိုက်မှာ အမှတ်တရဓါတ်ပုံတွေ ရိုက်ကူးကြပါတယ်။ အားလုံး နံနက်စာ သုံးဆောင်ပြီးတဲ့ အချိန်မှာတော့ ရေကန်ဘေးမှာ ကားတွေကိုနံပါတ်စဉ်အလိုက် “ပ” ပုံ အကွေးတန်းစီပြီး ယာဉ်တွေရဲ့အရှေ့မှာ “Journey to the North-West” Rally Sagaing/MHTTR 2018) ဗီနိုင်းကို အဖွဲ့သားတွေကိုင်ပြီး အမှတ်တရ အုပ်စုလိုက် ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါတယ်။

အခုလို ခရီးကြမ်းကားမောင်းပြိုင်ပွဲက ဒီဒေသအတွက် ဘယ်လောက်အထိ အကျိုးဖြစ်စေသလဲဆိုတာကို စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ တိုင်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက “ ဒီနေရာလေးကို သဘာတောတောင်ရေမြေတွေကို မထိခိုက်စေတဲ့ ဒေသလေးအဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  ဒီ rally ကားအဖွဲ့ ရောက်လာတဲ့ အတွက်ကြောင့် ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်သိရှိသွားမယ်၊ သိတဲ့အခါ ကျွန်တော်တို့ရဲ့ သဘာဝတောတောင်တွေကို လာရောက်လေ့လာလိုတဲ့စိတ်ပေါ်လာနိုင်ပါတယ်”ဟု My Magical Myanmar ကို ရှင်းပြပါတယ်။

မော်တော်ယာဉ်တန်းဟာ နံနက် ၉နာရီ ၃၅ မိနစ်မှာတော့ လင်းနို့ဂူကနေ ကသာခရိုင်၊အင်းတော်မြို့နယ်ထဲက တံခွန်တိုင်  ကျောင်းရှိရာကို ထွက်ခွာလာခဲ့ပါတယ်။ ၁၂နာရီ ၂၅ မိနစ်မှာ တံခွန်တိုင်ဘုန်းကြီးကျောင်းကို ခရီးကြမ်း ကားမောင်းယာဉ်တန်း ရောက်ရှိခဲ့ပါတယ်။ ရောက်ရှိလာတဲ့ယာဉ်တန်း အဖွဲ့ဝင်တွေကို တံခွန်တိုင်ရွာက တာဝန်ရှိသူတွေက အချိုပွဲတွေနဲ့ ဧည့်ခံကျွေးမွေးကြပါတယ်။

တံခွန်တိုင်ကျောင်းထိုင်ဆရာတော် ဦးဝိလာသက္ခက စုဆောင်း ထိန်းသိမ်းထားတဲ့ ကိုလိုနီခေတ် မီးအိမ်တွေ၊ ဓါတ်ပုံကင်မရာ၊ ရှေးဟောင်းပေတံကိုက်တံတွေ၊ ရှေးဟောင်းရုပ်ပွားတော် ဘုရားဆင်းတုငယ်တွေ၊ ကိုလိုနီခေတ် သတင်းစာဟောင်းတွေ၊ ရတနာပုံခေတ် နန်းတွင်းပန်းချီကျော် ဆရာခ၏ ပန်းချီလက်ရာတွေ၊ အင်္ဂလိပ်ငွေစက္ကူ၊ အင်္ဂလိပ်စစ်တပ်သုံး အဝေးကြည့်မှန်ပြောင်း စတာတွေနဲ့ အခြား ရှေးဟောင်းပစ္စည်းတွေကို ပြသပြီး ရှင်းပြပါတယ်။

အဲ့ဒီ့နောက် ဆရာတော်က ခရီးကြမ်းကားမောင်းအဖွဲ့သားတွေကို ကျောင်းအောက်မှာရှိတဲ့ လူအများစိတ်ဝင်စာဆုံးဖြစ်တဲ့ အလျား ၅၇ ပေ၊အနံငါးပေ၊ခြောက်လက်မခန့်ရှိတဲ့ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိပြီဖြစ်တဲ့ သစ်တစ်လုံးထွင်း လှေကြီးကို အသေးစိတ် သေချာရှင်းပြပါတယ်။

ဒီလှေကြီးကိုတော့ ဝန်းသိုမြို့နယ်က ဝန်းသိုတောင်မှာခုတ်ချပြီးတော့ ဒီမှာကျောင်းထိုင်သွားတဲ့ မဲဇာခုနှစ်ရွာဂိုဏ်းချုပ် ဆရာတော်ဦးအာသဖကို လှူဒါန်းခဲ့တာဖြစ်ပါတယ်” လို့ ဆရာတော်က မိန့်ကြားတော်မူပါတယ်။

ဆရာတော်ကြီး ရှင်းပြပြီးတဲ့နောက်မှာတော့ အဖွဲ့ဝင်တွေဟာ သစ်လုံးတင်လှေကြီးကို အမှတ်တရဓါတ်ပုံရိုက်ကူးပြီး လေ့လာ ကြပါတယ်။ ၁၂နာရီ ၅၃ မိနစ်မှာတော့ ခရီးကြမ်း ကားမောင်းယာဉ်တန်းဟာ နှစ်မိုင်အကွာလောက်မှာရှိတဲ့ မန်လည်ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ မန်လည်ကျောင်းတော်ကို ထွက်ခွာလာပါတယ်။

ခုနှစ်ကြာ မောင်းခဲ့ပြီးချိန်မှာတော့ မန်လည်ကျောင်းတော်ကြီးကို ရောက်ရှိခဲ့ပါတယ်။ မန်လည်ကျောင်းထဲသို့ အဖွဲ့သားတွေ စတင်ဝင်ရောက်လိုက်တာနဲ့ ဒေသခံများကအတီးအမှုတ် အကအခုန်များနဲ့ သောင်းသောင်းဖျဖျကြို ဆိုကြပါတယ်။ ဘေးဝဲယာ တန်းစီကြိုနေတဲ့သူတွေထဲမှာ ချစ်စရာကလေးငယ်တွေလည်း ပါကြလို့ အဖွဲ့ဝင်အနေနဲ့မနေနိုင်တော့ဘဲ အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြပါတော့တယ်။ ဒေသခံ မိန်းမပျိုလေးတွေကလည်း လက်မှုပညာနဲ့ တောင်းရက်ပြနေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဓမ္မဝိဟာရ နှစ်ထပ်ကျောင်းဆောင်ရဲ့ အောက်ထပ် ကျောင်းဆောင်မှာတော့ အဖွဲ့ဝင်တွေအတွက် နေ့လည်စားသုံးဆောင်ဖို့  ပြင်ဆင်ပေးထားလို့ အဖွဲ့ဝင်တွေ အားရပါရသုံးဆောင်ကြပါတယ်။ နေ့လည်စာသုံးဆောင်ပြီးတဲ့ အချိန်မှာတော့ ရပ်ဖိရပ်ဖ သက်ကြီးဘိုးဘွားတစ်ဦးဖြစ်သူ အသက် ၈၃ နှစ်အရွယ် အဘိုးဦးနီက အဖွဲ့သားတွေကို မန်လည်ကျောင်းတော်ကြီးနဲ့ ပက် သက်ပြီးတော့ ရှင်းပြပါတယ်။ သူဟာ ကိုလိုနီခေတ် ဒုတိယ မန်လည်ဆရာတော်ကြီးကို ဖူးမျှော်ခွင့်ရလိုက်သူ တစ်ဦးပါ။

ကျောင်းဆောင်ကြီးပေါ်တက်ပြီး ထိန်းသိမ်းထားတဲ့ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်တွေကို သူရှင်းပြသွားတာဟာ မမော နိုင် မပန်းနိုင်ဖြစ်သလို ကားမောင်းအဖွဲ့က သိချင်လို့မေးတဲ့ အခါဆိုရင်လည်း မဆိုင်းမတွ  သူပြန်ဖြေပေးပါတယ်။ သူ့ရဲ့ရှင်းပြချက်တွေ နားထောင်ရတာကလည်း အလွန်ကိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။

စုဆောင်းထားရှိတဲ့ နန်းတွင်း ရှေးဟောင်းပစ္စည်းတွေဟာ ရတနာပုံခေတ်၊ သီပေါမင်း လက်ထက်မှာ အမှုတော်ထမ်းတဲ့  မင်းကြီး ဦးကောင်းက သီပေါမင်း ပါတော်မူစဉ် မြန်မာသက္ကရာဇ် ၁၂၄၃ ခုနှစ်မှာ နန်းတွင်းက အရေးကြီးတဲ့ ပစ္စည်းတွေကို ဗီဒိုနဲ့ သယ်ဆောင်လာခဲ့ပြီး မန်လည်ကျောင်းကို ရောက်ရှိလာခဲ့တယ်လို့ ဦးနီက ရှင်းပြပါတယ်။

ကျွန်တော်တို့က အစဉ်အဆက် ထိန်းသိမ်းလာခဲ့ကြတာပါ။ ဒုတိယကမ္ဘာစစ်တုန်းကဆိုလည်း စက်သေနတ်တစ်ချက် မပစ် သလို ဗုံးတစ်လုံးမှလည်း မကျဖူးသေးပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ရာကျော်ကနေ ကနေ ့အချိန်ထိပေါ့ဗျာ” လို့ဦးနီက ဆိုပါတယ်။

ကျောင်းတော်ကြီးပေါ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ပစ္စည်းတွေကတော့ ၁၉၁၇ ခုနှစ်၊အင်္ဂလန်ပြည့်ရှင် ပဉ္စမမြောက် ဂျော့(ချ်) ဘုရင်လက်ထက်၊အိန္ဒိယဘုရင်ခံချုပ်က ဆရာတော်ကြီးကို ဆက်ကပ်လှူဒါန်းပူဇော်ထားတဲ့ အဂမဟာပဏ္ဍိတဘွဲ့တံဆိပ်၊ နန်းတွင်းပန်းချီကျော် ဆရာချုံရဲ့မူရင်းပန်းချီကားတွေ၊သီပေါမင်း မွေးဖွားတဲ့ ခုနှစ်နှင့် တပြိုက်နက် သွန်းလုပ်ထားတဲ့ ကြေးခေါင်းလောင်းတော်၊ မန်လည်ဆရာတော်ဘုရားနှင့် တစ်နှစ်တည်း မွေးဖွားတဲ့ သူငယ်ချင်း ဦးမြယာ ရုပ်ထုတွေ ဖြစ်ပါတယ်။

နန်းတွင်းက အရေးကြီးပစ္စည်းများ ထည့်ထားတဲ့အဖုံးမှာ ဟင်္သာရုပ်နှစ်ရုပ်၊ မှန်စီရွှေချသေတ္တာတွေ၊ လူ၏စကားကို တစ်ဆယ့်ခြောက်လုံး နားလည်တဲ့ ဆင်ရဲ့လက်ငါးချောင်းပါ ပုံသွင်းသေတ္တာ၊ မင်းတုန်းမင်းနဲ့ သီပေါ မင်းနှစ်ဆက် စလုံးကိုမှီတဲ့ မန်လည်မြို့ဝန်မင်းလှကျော်ထင်ရဲ့ ရုပ်ပုံဓါတ်ပုံ၊ ဗီရိုထဲမှာ ထည့်သွင်းထိန်းသိမ်းထားတဲ့ ဆရာတော်ကြီး ပြုစုရေးသားထားတဲ့ ကျမ်းစာအုပ်ပေါင်း ၆၃ မျိုးမှ ပေလွှာကျမ်းတွေ၊ ဘုရင်ခံချုပ်ကပေးတဲ့ အမိန့်စာတွေကို လေ့လာခွင့်ရလို့ ယခုအချိန်အထိ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်တဲ့ ဒေသခံတွေကို ကျေးဇူးတင်မိပါတယ်။

ခရီးကြမ်းကားမောင်းအဖွဲ့သားတွေဟာ မန်လည်ဆရာတော်ဘုရားကြီးရဲ့ မပုပ်မသိုးရွှေပိန်းချထားတဲ့ ရုပ်ကလပ်တော်ကို ဖူးမြော်ကြပါတယ်။ ဆရာကြီးရဲ့ရုပ်ကလပ်တော်စံမြန်းတဲ့ ကျောင်းတော်တိုက်ကို အချိန်ပြည့်ဖွင့်ထားတာမဟုတ်ဘဲ ရက်အကန့်သတ်ဖြင့်သာ ဖွင့်ပေးတာကြောင့် အခုလိုဖူးမြော်ခွင့်ရတာဟာ အင်မတန်ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။

နှစ်ပေါင်း တစ်ရာနီးပါး ရှိသွားပြီဖြစ်တာတောင်မှ အရိုးနဲ့အရေ(အရေပြား)ဟာကပ်မသွားပါဘူး။ ဒီရုပ်ကလပ်က ဘိုးတော်ဘုရား လက်ထက်က စရင် စတုတ္ထမြောက် ဆရာတော်ကြီးဖြစ်ပါတယ်” လို့ ဦးနီက ရှင်းပြပါတယ်။
ယခ ုဆရာတော်ကြီးပျံလွန်တော်မူသွားသည်မှာ ၉၈နှစ်ခန့်ရှိပြီဖြစ်လို့ ဆရာတော်ကြီးရဲ့ နှစ်တစ်ရာပြည့်ပွဲတော် လုပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း သူကဆိုပါတယ်။

အဲ့ဒီ့နောက် ခရီးကြမ်းကားမောင်းအဖွဲ့သားတွေဟာ မန်လည်ဆရာတော်ကြီးရဲ့ ဆံတော်တွေ ဌာပနာထားတဲ့ စေတီတော် ကြီးကို ဖူးမြော်ပြီး ယာဉ်တန်းရှိရာမှာ ပြန်လည်လူစုကာ ကသာမြို့နယ်ထဲက တစ်ရွာလုံးနီးပါး လက်မှုလုပ်ငန်းတွေလုပ်တဲ့ မက်လင်ချောင်ရွာကို ဆက်လက် ထွက်ခွာခဲ့ပါတယ်။

ရှေးဟောင်း အမွေအနှစ်ပစ္စည်းနဲ့ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်ကိုဖူးမြော်ချင်လို့ လာရောက်ချင်တဲ့သူတွေအနေနဲ့ စိတ်ဝင် စားလို့ ဒီဒေသတွေကို လာရောက်ချင်တယ်ဆိုရင်တော့ ရန်ကုန်ကနေ မန္တလေးကိုအရင်လာရပါမယ်၊ မန္တလေးကနေ တ ဆင့် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကို ငွေ ၈,ဝ၀ဝ ကျပ်နဲ့သွားနေတဲ့ ကားတွေရှိပါတယ်။ မန္တလေးနဲ့ အင်းတော်ကို မီးရထားနဲ့လည်းလာနိုင်သလို မီးရထားခကတော့ ၁,၂၀ဝ ကနှေ ၂,ဝ၀ဝကျပ် ဝန်းကျင်ကြားလောက် ရှိတယ်လို့ သိရပါတယ်။

ကားက မန္တလေးကနေ နေ့တိုင်းထွက်နေသလို မန္တလေး-မြစ်ကြီးနားကို သွားတဲ့ကားတွေ စီးပြီးတော့လည်း အင်းတော်မြို့ကို သွားလို့ရပါတယ်။ အင်းတော်မှာငွေကျပ် ၅,ဝ၀ဝကနေ ၂၅,ဝ၀ဝကျပ်အထိ ဈေးနှုန်းရှိတဲ့ တည်းခိုခန်းတွေ အစားစားရှိပါတယ်။ ဒီလိုပဲမန္တလေးကနေ ကသာကို ကားနဲ့သွားပြီး ကသာကနေတဆင့် မန်လည်ဘက်ကို သွားနိုင်ပါတယ်။ အင်းတော်က တည်းခိုခန်းတွေကနေ မန်လည်ရွာဘက်ကို ဆိုင်ကယ်ကယ်ရီ၊ သုံးဘီးဆိုင်ကယ်၊ အငှားကားတို့နဲ့ သွားရောက်နိုင်ပါတယ်။

ခရီးကြမ်းကားမောင်းယာဉ်တန်းဟာ ညနေ ၃နာရီ ၄၀ မိနစ်လောက်မှာ ကသာမြို့က ရှစ်မိုင်အကွာလောက်မှာရှိတဲ့ မက်လင်ချောင်ရွာကို ရောက်ပါတယ်။ မက်လင်ချောင်ရွာက ဘုန်းကြီးကျောင်းဝန်းမှာ ကားတွေကိုရပ်နားပြီး ရွာသူရွာသားတွေ ဝါးနဲ့ရက်လုပ်တဲ့ တောင်း၊ခြင်းနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို လေ့လာကြပါတယ်။ ဒေသခံတွေဖျော်ဖြေတဲ့ တိုးနယားအက၊ကိန္နာရာအကတွေကို တအံ့တသြကြည့်ကြပါတယ်။

ထူးခြားတာက မက်လောင်ချောင်တစ်ရွာလုံးက အမျိုးသား၊အမျိုးသမီးအကုန်လုံးနီးပါးဟာ ရှမ်းတိုင်းရင်းသားတွေ ဖြစ်ကြ သလို လက်မှုလုပ်ငန်းဖြစ်တဲ့တောင်းကိုရက်လုပ်ကြပြီး တစ်ရွာလုံးရဲ့ဝင်ငွေဟာ တောင်းရက်လုပ်တာကနေ ရပါတယ်။ တောင်းတစ်တောင်း လုပ်တယ်ဆိုရင် သူတို့ရဲ့ လုပ်ခက တောင်းရဲ့ အရွယ်အစားပေါ်မူတည်ပြီး ၃၅၀ကျပ်ကနေ ၄၀ဝ ကျပ် ရကြပါတယ်။ တောင်းလုပ်လို့ သူတို့ရွာနားက ဝါးတောတွေ ပြုန်းတီးသွားမှာကို ကြောက်ရွံ့ကြသလို ဝါးကိုမွေးမြူဖို့ စိုက်ပျိုးဖို့လဲ သူတို့ကြိုးစားနေကြတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဌ ဦးကျော်စွာမင်းက ရှင်းပြပါတယ်။

ကသာမြို့ရဲ့ ကားလမ်း၊ရထားလမ်းနဲ့ နီးတဲ့အကွာအဝေးမှာ ရှိတာကြောင့် ကသာမြို့ကို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ လာရောက်ရင် လက်မှုလုပ်ငန်းတောင်းလုပ်တဲ့ ဒီရွာကိုလည်း လာရောက်ဖို့ လွယ်တဲ့ အနေအထားမှာ ရှိတာကြောင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း(community based tourism)  နေရာတစ်ခု ဖြစ်အောင် ကြိုးပမ်းသွားဖို့ ရှိတယ်လို့ ဦးကျော်စွာမင်းက သူ့ ရဲ့ပြင်ဆင်ထားမှုကို ပြောပါတယ်။
သဘာဝခရီးသွားလုပ်ငန်း (ecotourism) နှင့် ပက်သက်ပြီး ဟိုတယ် လုပ်ငန်းပိုင်ရှင် ဦးဝင်းတင်က မက်လင်ချောင် ရွာလေးနှင့်ပက်သက်ပြီး “ ဒီရွာလေးက လူထုအခြေပြု ခရီးသွားလုပ်ငန်းလုပ်ရင် အင်မတန်သင့်တော်တဲ့ နေရာလေးဖြစ်ပါတယ်” လို့ကျေးရွာက ဒေသခံတွေနဲ့ တွေ့ဆုံပွဲမှာ သုံးသပ်ခဲ့ပါတယ်။

ညနေ ၅နာရီ ၄၅ မိနစ်မှာတော့ ခရီးကြမ်းကားမောင်းယာဉ်တန်းဟာ ကသာမြို့ကိုရောက်ရှိခဲ့ပြီး အခန်းပေါင်း ၃၀ ရှိတဲ့ စိန် ဟိုတယ်မှာ အဖွဲ့သားတွေ တည်းခိုကြပါတယ်။ ကသာမြို့ထဲမှာရှိတဲ့ ဟိုတယ်တွေရဲ့ အခန်းခဟာ နှစ်သောင်းခွဲနဲ့ သုံးသောင်းကျပ်ကြား ရှိကြပါတယ်။ ခရီးကြမ်းကားမောင်းအဖွဲ့သားတွေတည်းခိုတဲ့ စိန်ဟိုတယ် ဟာ ၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၂၄ရက် နေ့ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရုံး(မုံရွာ)၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ ခွင့်ပြုထားတဲ့စာရင်းတွေအရ ကသာမြို့မှာဟိုတယ် လေးခုနဲ့ အခန်းပေါင်း၉၅ ခန်းရှိတယ်လို့ သိရပါတယ်။ ကသာမြို့နဲ့ ဗန်းမောက်မြို့နယ်တွေကိုတော့ လုံခြုံရေး အခြေအနေအရ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို ကန့်သတ်နယ်မြေအဖြစ် လက်ရှိအချိန်မှာ ပိ်တ်ပင် ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြောက်ဖျားဒေသဖြစ်တဲ့ ကသာမြို့ဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၈၆၅ ဒသမ ၆၈၂ ကျယ်ဝန်းပြီး ဧကပေါင်း၅၅၄,ဝ၃၇ ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်နဲ့ ရေလမ်းမိုင် ၇၉၀ ကွာဝေးသလို မီးရထားလမ်းမိုင် ၆၀၅မိုင်ဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂,၉၅၀ ပေအမြင့်မှာရှိပါတယ်။ ရာသီဥတုကတော့ ယခုရက်ပိုင်းတွေမှာ အမြင့်ဆုံးအပူချိန် ကတော့ ၂၈ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး အပူချိန် ၁၂ ဒီဂရီစင်တီဂရိတ်ကြား၊ မိုးရေချိန် ၂၄ လက်မ ရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ ပြုစုထားသော မှတ်တမ်းများအရ ကသာမြို့ကို ၂၀၁၆- ၂၀၁၇ဘဏ္ဍာနှစ်(ဧပြီလမှ ဒီဇင်ဘာလ) မှာ ပြည်တွင်းခရီးသွား ၂၇၇၈ဦးနဲ့ ပြည်ပခရီးသွား ၁၄၄ဦး လာရောက်ခဲ့ပြီး  ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ပြည်တွင်းခရီးသွား ၅၀၄၁ဦး နဲ့ ပြည်ပခရီးသွား ၂၃၂ ဦး အထိ မြင့်တက်လာခဲ့ပါတယ်။

ဒီကိန်းဂဏန်းတွေ နဲ့ ဒီခရီးစဉ်ကြောင့် ဖြစ်လာနိုင်မှာတွေကို သုံးသပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရုံး(မုံရွာ)၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းဦးစီးဌာနမှူးဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သူဦး က သူ့အမြင်ကို ဒီလိုပြောပါတယ်။

အခုလို car rally ခရီးစဉ်က ပြည်ပခရီးသွား အတွက်မှမဟုတ်ဘူး။ ပြည်တွင်းခရီးသွား အတွက်လည်း အရမ်းကို အကျိုးရှိပါတယ်။ စစ်ကိုင်းကိုင်းဒေသကြီးထဲက ဒီဒေသတွေကိုသိလာရင် လူတွေလာကြမှာ အမှန်ပါပဲ






Aung Phay Kyi Soe is a Journalist who worked as Culture, Tourism, Environment and Health Reporter for five years at The Messenger, The Trade Times,DEMOCRACY Today, The Voice and Mawkun In-Depth and Investigative Magazine. He won the Best Feature Award for Climate Change Reporting supported by UN-Habitat and organized by Myanmar Journalism Institute.

0Comments

Leave a Comments