Travel Sector Updates

ဂျပ်ခုပ်လုပ်ငန်း၊ ကြာသင်္ကန်း၊ မြန်မာ့ရိုးရာ ယွန်းထုတ်လုပ်မှု အဆင့်ဆင့်ကို တစ်ချိန်တည်း တစ်နေရာတည်းမှာ လေ့လာနိုင်မည့် “မြန်မာ့လက်ရာပွဲတော် ”

missing
Photo - Phyo Thiha

မြန်မာတိုင်းရင်းသားတို့၏ မတူကွဲပြား သိမ်မွေ့ နက်နဲ ထူးခြား ထင်ရှားလှသော အနုပညာလက်ရာများကို တစ်စုတစ်စည်းတည်း လေ့လာနိုင်မည့် မြန်မာ့လက်ရာပွဲတော်ကြီးကို မကြာခင် ကျင်းပတော့မည် ဖြစ်သည်။

ထိုပွဲတော်ကြီးတွင် အမရပူရ ချည်ထည်နှင့်ပိုးထည် လွန်းရာကျော် ယက္ကန်းလုပ်ငန်း ၊အင်းလေး ကြာထည်နှင့် ပိုးထည်လုပ်ငန်း၊ ကချင်ရိုးရာ ဂျပ်ခုပ်လုပ်ငန်း ၊ကယန်း-ပဒေါင်ရိုးရာ ဂျပ်ခုပ်လုပ်ငန်း ၊ချင်းရိုးရာ ဂျပ်ခုပ်လုပ်ငန်း၊ရခိုင်ရိုးရာ ရွှေပန်းထိမ်လုပ်ငန်း ၊စစ်ကိုင်းရွာထောင် ငွေထည်လုပ်ငန်း ၊မြန်မာ့ရိုးရာ ယွန်းထည် လုပ်ငန်း ၊ကယားရိုးရာ တောင်းယက်လုပ်ငန်း၊မွန်ရိုးရာ ဆေးတံနှင့် ကျောက်သင်ပုန်းလုပ်ငန်း၊ကရင် ရိုးရာ ဖိနပ်ချုပ်လုပ်ငန်း တို့၏ ပြုလုပ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကို လက်တွေ့ ပြသမည်ဖြစ်သည်



ထို့အပြင် မြန်မာတိုင်းရင်းသားများ၏ ရိုးရာအစားအစာများ ၊လူမှုအသုံးအဆောင် ပစ္စည်းများ၊ အနုလက်ရာ ပစ္စည်းများကိုပါ ခင်းကျင်းပြသမည့်အပြင် တိုင်းရင်းသားများ၏ မတူကွဲပြားသည့် ရိုးရာ ယဉ်ကျေးမှုအကအလှများ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ တိုးရင်းသားဝတ်စုံ ဖက်ရှင်ရှိုးပွဲလည်း ပါဝင်မည် ဖြစ်သည်

Advertisment
advertisment



မြန်မာ့လက်ရာပွဲတော်ကို လာမည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်တိုင်တိုင် ရန် ကုန်မြို့၊ စိမ်းလမ်းစိုပြေဥယျာဉ်တွင် နံနက် ၉ နာရီမှ ည ၁၀ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ပြခန်းပေါင်း ၁၂ ခန်းပါဝင်မည်ဟု မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ( MCHT) ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်ကဆိုသည်။

“ ဒီပွဲမှာ ကျွန်မတို့လက်လှမ်းမီသလောက် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြသမှာပါ ။ ဒီပွဲက လက်မှုပစ္စည်း ထုတ်လုပ်သူတွေရဲ့ လူနေမှုဘဝ၊ အသေးစား အလတ်စားလုပ် ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့လည်း ရည်ရွယ်ပါတယ် ” ဟု ၄င်းကပြောသည်။

အဆိုပါ ပွဲတော်သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ မတူကွဲပြားသော ယဉ်ကျေးမှု အနုပညာလက်ရာများကို ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအားလုံး လေ့လာသိရှိပြီး ကမ္ဘာ တဝန်း ထိုးဖောက်နိုင်စေရန်နှင့်  မျိုးဆက်သစ်လူငယ်များ တန်ဖိုးထား ထိန်းသိမ်းလိုစိတ်များ မြင့်တက်လာစေရန်ဖြစ်သည်။

ယင်းအပြင် မကြာမီ ဖေဖော်ဝါရီလအတွင်း ကျရောက်တောမည့် (၇၁) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး တိုင်းရင်းသားများ၏ ဂုဏ်ကိုမြှင့်တင်ပေးသည့် ပွဲတော်တစ်ခုလည်းဖြစ်ကြောင်း ၄င်းက ထပ်မံပြောပြသည်။ 

ထိုပွဲတော်ကြီးကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ( MCHT )က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေဥယျာဉ်တွင် ကျင်းပခဲ့သည်။

MCHT သည် ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူများ၊ ယဉ်ကျေးမှုအမွေအနှစ်အကြောင်း နားလည်သူများ နှင့် ကျွမ်းကျင်ပညာရှင်များ စသဖြင့် ပါဝင်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်းများကို တဖက်တလမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်အဖွဲ့လည်း ဖြစ်သည်။




Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments