Travel Sector Updates

စိတ်ဝင်စားမှုများပြားနေတဲ့ ချင်းတွင်းသင်္ကြန်

missing
Photo - Chindwin Thingyan fb

၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကျင်းပမှုတွေ ထဲမှာ မနက်ဖြန်မှာ စတင်ဖွင့်လှစ် ကျင်းပမယ့် ချင်းတွင်း သင်္ကြန်ပွဲကတော့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှု များတဲ့ သင်္ကြန်ပွဲအဖြစ် ရှိနေပါတယ်။

ချင်းတွင်းသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာမြို့ရဲ့ ချင်းတွင်းမြစ် သဲသောင်ပြင်ပေါ်မှာ play zone  (၅) ခုနဲ့  ဧပြီလ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိကျင်းပသွားမှာဖြစ်ပါတယ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပတဲ့ ပွဲတော်လည်းဖြစ်ပါတယ်။

ဇုံ (၅) ခုမှာသနပ်ခါး၊ ယက္ကန်းထည်၊ စစ်ကိုင်းစဥ့်အိုး၊ ကျောက်စိမ်း၊ ပယင်းစတဲ့ မြန်မာ့ရိုးရာဒေသထွက်ပစ္စည်းတွေကို ပြသ၊ရောင်းချမယ့် ယဉ်ကျေးမှုပြခန်းဇုံ၊ သဲပန်းပုအနုပညာဇုံ၊ မြစ်ကမ်းပါးမှာ အနားယူအပန်းဖြေနိုင်မဲ့ ကမ်းခြေဇုံ၊ ပျော်ပျော်ပါးပါးရေကစားနိုင်မယ့် ရေကစားဇုံနဲ့ ကလေးတွေ ဆော့ကစားနိုင်မယ့်ဇုံ တို့ဖြစ်ကာ ဇုံတွေ အားလုံးအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း  ပြီးနေပါပြီ



ဒါ့အပြင် ချင်းတွင်းမြစ်ကမ်းခြေဇုံမှာ ပါဝင်ဆင်နွှဲမယ့် သူတွေအတွက် မြစ်ကမ်းခြေလုံခြုံရေးတွေ ဆောင်ရွက် ထားသလို သဲပန်းပုတွေ ၊လမ်းပြင်ဆင်မှုတွေ စတဲ့ ကဏ္ဍအားလုံးအတွက် ဆောင်ရွက်ထားတယ်လို့  ပွဲတော် ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်ဝင်းလှိုင်က ပြောပါတယ်။

“ ချင်းတွင်းသင်္ကြန်က အပိုင်းနှစ်ပိုင်းရှိတယ်။၁၁ ရက်နေ့မှာကတိုင်းရင်းသာရိုးရာပြပွဲဖွင့်မယ်။ ၁၃ ရက်နေ့မှာမှ သင်္ကြန်ပွဲတော်ကိုဖွင့်မှာပါ” လို့သူက ဆိုပါတယ်။

မနက်ဖြန်မှာ ဖွင့်လှစ်မယ့် တိုင်းရင်းသားရိုးရာပြပွဲမှာဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနေထိုင်ကြတဲ့ ကဒူးကနန်း၊ ရှမ်း၊ ချင်း၊ နာဂ၊ ကချင် စတဲ့တိုင်ရင်းသားတွေက ကပြဖျော်ဖြေကြမှာဖြစ်သလို ဒေသထွက်ကုန်တွေဖြစ်တဲ့ သနပ်ခါး၊ ယက္ကန်းထည်၊ စစ်ကိုင်းစဥ့်အိုး၊ ကျောက်စိမ်း၊ ပယင်းစတဲ့ လက်မှုအနုပညာပစ္စည်းတွေကို ပြသရောင်းချ သွားမှာဖြစ်ပါတယ်။သဲပန်းပုဇုံဆိုရင်လည်း မြန်မာပြည်တွင်းမှ  ပန်းပုပညာရှင် ရှစ်ဦးနဲ့ စင်္ကာပူနိုင်ငံမှ 3D သဲပန်းပုပညာရှင် တန်ဂျူးဟန်တို့ကထုဆစ်ပုံဖော်ထားပါတယ်။ စင်္ကာပူနိုင်ငံသားထုလုပ်ထားတဲ့ သဲပန်းပုဟာပေ ၃၀နဲ့ ၂၀ ရှိတယ်လို့ ဆိုပါတယ်။

ချင်းတွင်းသင်္ကြန်ပွဲတော်ဟာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ချက် နဲ့ ပထမဆုံး အကြိမ် ထူးခြားစွာ ကျင်းပတဲ့ ပွဲတော်တစ်ခုပါ။ ပြည်တွင်းခရီးသွား ဧည့်သည်တွေသာမက ပြည်ပကပါ သိရှိကြပြီး လာရောက်လည်ပတ်စေဖို့ပဲဖြစ်ပါတယ်။

သင်္ကြန်ရေကစားခြင်းကို ပုံမှန် အကြို ၊အကျ ၊အကြတ် ၊အတက် နေ့တွေမှာပေးကစားသွားမှာ ဖြစ်ပြီး နှစ်ဆန်းတစ် ရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်(သင်္ကြန်ပွဲတော်နောက်ဆုံးရက်)မှာတော့ ငါးလွှတ်ပွဲ ၊သက်ကြီးပူဇော်ပွဲစတဲ့ ကုသိုလ် ရေးကိစ္စတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

လက်ရှိစစ်ကိုင်းတိုင်းဒေသကြီးရဲ့ ပြည်တွင်းခရီးသွားဝင်နှုန်းဟာ ယခင်နှစ်တွေကထက် မြင့်တက်လာနေပြီး ပြည်ပခရီးသွားဧည့်သည်နှုန်းဟာလည်း လျော့ကျသွားမှုမရှိဘူးလို့ ဆိုပါတယ်။


Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments