Travel Sector Updates

မြန်မာငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာဈေးမြင့်တက်လာမှု ခရီးသွားလုပ်ငန်းကိုလည်း ရိုက်ခတ်

missing
Photo: Supplied / Central Bank of Myanmar

မြန်မာငွေတန်ဖိုးကျဆင်းပြီး အမေရိကန်ဒေါ်လာဈေးမြင့်တက်လာမှုကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းအသိုင်း အဝိုင်းများဖြစ်ကြတဲ့ ပြည်ပခရီးသွားလုပ်ငန်းတွေ ၊ပြည်ပခရီးသွားကြမယ့် သူတွေ ၊ ဒေါ်လာနဲ့ ပေးဆောင်ရမည့် ခရီးသွားဆက်စပ်လုပ်ငန်းတွေ ၊ လေယာဥ်လက်မှတ် ၊ ပုဂ္ဂလိက ဘဏ်တွေမှာ ငွေလဲလှယ်ရတဲ့ကိစ္စတွေမှာ အခက်အခဲတွေဖြစ်ပေါ်နေပါတယ်

ယခုလို ဒေါ်လာဈေးမြင့်တက်မှုနောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ဆိုပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နေ့စဉ်ရက်ဆက်ဆိုသလို နိုင်ငံခြားငွေဈေးကွက်အတွင်းကို သြဂုတ် ၁၆ ရက်က ပြည်တွင်းဘဏ်တွေဆီ အမေရိကန်ဒေါ်လာလေးသန်း ရောင်းခဲ့တယ်လို့သိရပါတယ်

ဒေါ်လာငွေလဲလှယ်မူမှာ ဒီအခြေအနေစဖြစ်ကတည်းက ပြည်တွင်းပုဂ္ဂလိကဘဏ်တွေကို မြန်မာနိုင်ငံဗဟိုဘဏ်က အမေရိကန်ဒေါ်လာငွေရောင်းပေးနေတာ ၆.၅ သန်းရှိနေပြီဖြစ်ပါတယ်။ ထိုသို့ ဒေါ်လာဈေးနှုန်းမြင့်တက်တဲ့အခြေနေဟာ ဗဟိုဘဏ်က၎င်းရဲ့ ရည်ညွှန်းကိန်းအတွင်း သတ်မှတ်ချက်အတွင်း ရောင်းဝယ်ရန်အတွက် ၂၀၁၂ ခုနှစ် ပြဋ္ဌာန်းချက်များကို သြဂုတ် ၁၃ ရက်နေ့က ပယ်ဖျက်ခဲ့ပြီးနောက် ဖြစ်ပေါ်လာတာဖြစ်ပါတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုကြပါတယ်။ လတ်တလောမှာဆိုရင် ပြည်တွင်း ဘဏ်အချို့ကလည်း customer တွေဆီက ဝယ်ယူရရှိတဲ့ ဒေါ်လာပေါ်မူတည်ပြီးသာ ပြည်သူတွေကိုပြန်လည်ရောင်းချပေးနေသလို အချို့ဘဏ်တွေကလည်း လူတစ်ဦးကို ဒေါ်လာဘယ်လောက်ဆိုပြီး သတ်မှတ်ရောင်းချပေးနေတာကိုလည်း တွေ့ရပါတယ်။ ထို့အတူ လေယာဉ်လက်မှတ်ဝယ်ယူခြင်းနှင့် ပြည်ပခရီးသွား ဝန်ဆောင်မှုလုပ်ငန်းတချို့ကလည်း ဒေါ်လာနဲ့သာပေးချေဖို့ တောင်းဆိုမှုရှိနေတာကြောင့် ပြည်ပခရီးစဉ် သွားရောက်မယ့် ပြည်သူတွေအတွက် ဒေါ်လာဈေးနှုန်းမြင့်တက်ပြီး လဲလှယ်ဖို့ခက်ခဲတာ ကို နောက်ထပ် ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းပေးမလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေရှိလာပါပြီ။

ဒေါ်လာဈေးနှုန်းမြင့်တက်တာ ငွေလဲလှယ်ဖို့ခက်တာတွေနဲ့ပတ်သက်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုအောင်က ယနေ့ သြဂုတ်လ ၁၇ ရက်နေ့ ပုဂ္ဂလိက ဘဏ်မှာ ကြုံတွေ့ခဲ့ရမှု အခြေအနေကို ခုလိုပြောပြလာပါတယ်။ “ နိုင်ငံခြားသွားဖို့ရှိလို့ ဒီနေ့မနက် ကျောက်ကုန်း KBZ ဘဏ်မှာ သွားတယ်။အရင်ဆုံး ငွေမထုတ်ခင် ဒေါ်လာဘယ်ဈေးလဲဆိုပြီးမေးတယ် နောက် ငွေသိန်း၄၀ ထုတ်တယ်။ပြီးတော့ ဒေါ်လာဘယ် ကောင်တာမှာ လဲရမလဲမေးတော့ မရဘူးလို့ပြောတယ်။ဒေါ်လာ ၁၀ဝ ပဲရှိတယ်တဲ့။ဘဏ်မှာ နိုင်ငံခြားငွေ ဒေါ်လာမရှိဘူးဖြစ်နေတယ်တဲ့။အပြင်က လာရောင်းတဲ့ ဒေါ်လာကိုပဲ ပြန်ရောင်းပေးတယ်လို့ဆိုတယ်။ဘဏ်မှာလဲ ငွေလဲ ကောင်တာရှိရဲ့နဲ့ ခုလိုဆိုတော့ အပြင်က ငွေလဲကောင်တာလောက်ပဲဖြစ်နေတယ်။ ဒါနဲ့ ၆ မိုင်ခွဲက CB bank ကိုသွားတော့ အဲ့ဒီမှာလည်း လူတစ်ဦးကိုဒေါ်လာ ၃၀ဝ ပဲရောင်းပေးတယ်။မနက်ကတည်းက ဘဏ်က ညွှန်ကြားချက်ထုတ် ထားတယ်လို့ဆိုတယ်။ ဒီတော့ စီးပွားရေး၊ ငွေကြေး၊ ဘဏ္ဍာရေးနဲ့ခရီးသွားလုပ်ငန်းတွေကိုရိုက်ခတ်မှုဖြစ်တယ်။ကမမောက်ကမတွေဖြစ်တယ်။အစိုးရဘာဆက်လုပ်မလည်းသိချင်တယ်။ တစ်ခုရှိတာက ဒေါ်လာဈေးနှုန်းတက်တာ ကိုယ့်နိုင်ငံတစ်ခုတည်းတော့မဟုတ်ဘူး။ သို့ပေမယ့် ဒီလိုမျိုးတွေကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ အားနည်းတယ် မရှိသလောက်ပဲ။ ကျွန်တော်က တော့အစိုးရရဲ့ အားနည်းချက်လို့ဝေဖန်ချင်တယ်။ အဲ့တော့နောက်ဆုံး စားသုံးသူ ပြည်သူတွေထိနေပြီ။ အစိုးရအနေနဲ့ စီးပွားရေးမူဝါဒ ၊ငွေကြေးဆိုင်ရာမူဝါဒ ၊ဘဏ်လုပ်ငန်းဆိုင်ရာဥပဒေ စသဖြင့် အမြန်ဆုံးပြုပြင် ပြောင်းလဲစေချင်တယ်” လို့ ဝေဖန်အကြံပြုပြောဆိုပါတယ်။ ဒေါ်လာဈေးမြင့်တက်မှုကို မထိန်းချုပ်နိုင်သေးရင်တောင်မှ ယခုကဲ့သို့ ဒေါ်လာလဲလှယ်တဲ့အခါ ပြည်သူ တွေ အတိုင်းတာတစ်ခုထိ အဆင်ပြေစေဖို့ အစိုးရအနေနဲ့ သတ်မှတ်နှုန်းထားတစ်ခုထားပြီး ပြည်သူလူထုထံ တိုက်ရိုက်ရောင်းချပေးသင့်တယ်လို့လည်း ဆိုပါတယ်။သို့မဟုတ်လျှင် ပုဂ္ဂလိက ဘဏ်တွေကိုသာ ချပေးမယ်ဆိုပါက ၎င်းတို့အတွက် အကျိုးစီးပွားပိုမိုဖြစ်ထွန်းမယ့်အစီအစဉ်လို့ ဝေဖန်သုံးသပ်ကြပါတယ်။ KBZ Bank ရဲ့ call center သို့ ဆက်သွယ်စုံစမ်းမေးမြန်းရာမှာလည်း တာဝန်ကျဝန်ထမ်းက ယခုလိုဖြေကြားမှုရှိထားပါတယ်။ ဘဏ်မှာရှိတဲ့ နိုင်ငံခြားငွေ နဲ့ customer တွေလာရောက် ရောင်းချတဲ့အခါ ရရှိတဲ့နှုန်းထားအပေါ်မူတည်ပြီး ၎င်းတို့ရဲ့ ဘဏ်က customer ထံ ပြန်လည် ရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းသို့ မြန်မာငွေတန်ဖိုးကျဆင်းနေတာကြောင့် ပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေမှာဆိုရင်လည်း ယခင်ကထက် ခရီးသွားဧည့်သည်သွားရောက်မှုနှုန်း လျော့ကျသွားပါတယ်။ခရီးသွားဧည့်သည် လျော့ကျမှုနဲ့အတူ Travel agency တွေရဲ့ စီးပွားရေးလည်ပတ်မှုအပိုင်းမှာလည်း ထိခိုက်မှုအနည်းငယ်ရှိပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ AKM ပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ Outbound ခရီးစဉ် ရေးဆွဲတာဝန်ခံ မသဲစုက ယခုလိုပြောပြထားပါတယ်။ “ဒေါ်လာဈေးတက်တာ အမှန်တိုင်းပြောရင် အဆင်တော့မပြေဘူး။ ခရီးသည်တွေနဲ့လည်ပတ်နေရတာ မလား။ခရီးသည်ရမှ လည်ပတ်ရတာ။ အဲ့ဒီတော့ အမတို့အတွက်က အနည်းငယ်တော့ ထိခိုက်မှုရှိတာပေါ့။ ငွေပေးတဲ့အခါမှာတော့ တချို့ကျလည်း ဒေါ်လာနဲ့ပေးတာရှိသလို မြန်မာငွေနဲ့ပေး တာလည်းရှိတယ်။အရင်ကလောက်တော့ ခရီးသွားမရှိဘူး။ခုက အရင်ထက် သိသိသာသာ လျော့ကျသွားတယ်။ ဒီဒေါ်လာဈေးတက်၊ကျမှုပေါ်မူတည်ပြီးတော့ စားသောက်ကုန်တွေလည်းတက်တယ်။ အဲ့တော ဘယ် ပြည်ပခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကိုပဲမေးမေးပေါ့ အများစုမှာတော့ ဒီလိုပဲဖြေကျမှာပါ။ ဘာလို့ဆို ဈးနှုန်းတက်တော့ ခရီးသွားအတွေအတွက်လည်း အရင် ၄ သိန်းခရီးစဉ်က ၅ သိန်းလောက်ဖြစ်သွားတယ်” လို့ဆိုပါတယ်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments