Travel Sector Updates

ရှမ်းပြည်နယ်အတွင်း ခရီးစဉ်ဒေသသစ် ၃ ခု ဖော်ဆောင်မည်

missing
Photo: Ko Nyi Nyi - Facebook

ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်မည့် ရှမ်းပြည်နယ်အတွင်း ခရီးစဉ်ဒေသသစ် ၃ ခု ဖော်ဆောင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိ ကြောင်းသိရ သည်။ ရှမ်းပြည်နယ် ရွာငံမြို့ အနောက်ဘက် ၁၄ မိုင်ခန့်အကွာတွင်ရှိသော ကျောက်ခေတ်ရှေးဟောင်း နံရံဆေးရေးပန်းချီများ တည်ရှိရာ ပြဒါလင်းဂူ၊ ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့ရှိ နှစ်ပေါင်း (၁၀ဝ) ကျော် သက်တမ်းရှိ ဟော်နန်းနှင့် ရွာငံမြို့နယ်ရှိ မြို့ကြီးရေလှောင်တမံတို့ဖြစ်သည်

အဆိုပါ နေရာများအနက် နှစ်ခုကိုသာ ခရီးသွားများစိတ်ဝင်စားမှုရှိနေသည်။ ပြဒါလင်းဂူဆိုလျှင်  ကျောက်ခေတ်နံရံဆေးပန်းချီနှင့်ပတ်သက်ပြီး လေ့လာသူများ၊ သုတေသန ပညာရှင်များ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား လေ့လာလိုသူအများဆုံး လာရာက်မှုရှိနေသော်လည်း ယခုထက်ပိုမိုများပြားလာစေရန် ရည်ရွယ်ချက်ဖြင့် ပြဒါးလင်းဂူ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲကာ ခရီးသွားမြှင့်တင်ရန်ဆောင်ရွက်ခြင်းဖြစ်သည်

“ ကျောက်နံရံဆေးရေးပန်းချီကိုလေ့လာလို့ရမယ်။ နောက်ပြီး ဟော်နန်း၊ မြို့ကြီးရေလှောင်တမံကိုပါ ခရီးစဉ်အသစ်အဖြစ် စီစဉ်လို့ရမရကို ကွင်းဆင်းကြည့်ရှုခဲ့ပြီးပြီ။ ခရီးသွားတွေအတွက် လေ့လာသင့်တဲ့ နေရာတွေဖြစ်စေမှာပါ” ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အတူမြို့ကြီးရေလှောင်တမံသည်  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်နှင့် နီးကပ်စွာ တည်ရှိသဖြင့် ခရီးစဉ်ဒေသအသစ် (new destination) ဖော်ဆောင်နိုင်ပါက မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားများ ဆက်စပ်လည်ပတ်နိုင်မည့် နေရာတစ်ခုဖြစ်လာမည် ဖြစ်သည်။ မြို့ကြီးရေလှောင်တမံ သည်ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မြို့ကြီးကျေးရွာအနီးတွင် တည်ရှိပြီး ရေဆင်းဧရိယာ (၇၀ဝ) ကျော် စတုရန်းမိုင်ရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏ (၃၇၀ဝ၀ဝ) ကျော် ဧက၊ ကန်ရေသေ ရေလှောင်ပမာဏ (၆၀ဝ၀ဝ ဝန်းကျင်) ရှိကြောင်းသိရသည်။ တမံအမျိုးအစားမှာ မြေသားတမံ (ဇုန်အမျိုးအစား) ဖြစ်ပြီး တည်ဆောက်ဆဲ ကျိုင်းခမ်းရေလှောင်တမံနှင့် တည်ဆောက်ပြီး ဇော်ဂျီရေလှောင်တမံတို့မှ လျှပ်စစ်ဓာတ်အားအတွက် ထုတ်လွှတ်လိုက်သောရေများနှင့် ရေလှောင် တမံနှစ်ခုအကြား စီးဆင်းသော ရေများကို စုပေါင်းသိုလှောင်၍ ရေအားလျှပ်စစ် (၃ဝ)မဂ္ဂါဝပ် ထပ်မံထုတ်လွှတ်နိုင်ရန်၊ သိုလှောင်ပြီးရေများကို ထိန်းညှိထုတ်လွှတ်ပေး၍ ကျောက်ဆည်ခရိုင် အတွင်းရှိ ဇော်ဂျီဆည်ရေသောက် ဧရိယာ (၈၂ဝဝဝ) ဧကအား ရေပိုမိုပေးဝေနိုင်ရန်နှင့် ခြောက်သွေ့ဒေသဖြစ်သည့် မိတ္ထီလာလွင်ပြင်အတွင်းရှိ မြေဧရိယာ (၃၃ဝဝဝ) ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် ဒေသတွင်း စိမ်းလန်းစိုပြည်စေရန် ရည်ရွယ်လျက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။   “ပင်းတယ ဟော်နန်းတော့ သိပ်မသိဘူး။ ရှမ်းတိုင်းရင်းသား တစ်ယောက်အနေနဲ့ဆိုရင် ဟော်နန်းတွေကို အရင်က ပုံစံအတိုင်း ပြန်လုပ်မယ်၊ ဝင်းတွေ ပန်းခြံတွေက အစပေါ့” သီပေါမြို့တွင်နေထိုင်သည့် ရှမ်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ကိုဟိန်းက ဆိုသည်။ ပင်းတယ ဟော်နန်းသည်လည်း နှစ်ပေါင်း ၁၀ဝ ကျော်သက်တမ်းရှိ အဆောက်အဦးဖြစ်သော်လည်း ရှမ်းတိုင်းရင်းသားများထဲတွင်ပင် သမိုင်းမသိသူများရှိသလို ပင်းတယ ဟော်နန်း  ဆိုသည်ကို မကြားဖူးသူများလည်း ရှိနေသည်။ သို့အတွက်ကြောင့် ၄င်းဟော်နန်းကို ခရီးသွားဒေသသစ်တစ်ခုအဖြစ် ဖော်ဆောင်မည်ဆိုပါက သမိုင်း အကျဉ်းချုပ်၊ ထိန်းသိမ်းမှုအပိုင်း စသဖြင့် အားလုံးကို လေ့လာနိုင်အောင် လုပ်ဆောင်ပေးရန်လိုအပ်သည်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments