Travel Sector Updates

Grab သုံးဘီးယာဉ် ခရီးစဉ်တစ်ခုအတွင်း မတော်တဆထိခိုက်မှုတစ်စုံတစ်ရာဖြစ်ပါက ယာဉ်မောင်းနှင့် ခရီးသည် အတွက် လျော်ကြေးငွေပေးအပ်မည်

Photo - Supply

ပုဂံမြို့တွင် စတင်အသုံးပြုနိုင်ပြီဖြစ်သည့် GrabThoneBane ခရီးစဉ်တစ်ခုအတွင်း မမျှော်လင့်ထားသော မတော်တဆ ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပွားပါက Grab ၏ အရှေ့တောင်အာရှ ဒေသတွင်း အာမခံ ပေါ်လစီအရ ယာဉ်မောင်းနှင့် ခရီးသည်များအတွက် လျော်ကြေးငွေ ပေးအပ်သွားမည် ဖြစ်ကြောင်းသိရသည်

 

Grab Myanmar ၏ Acting Country Manager ဖြစ်သူ Alvin Loh က “ပုဂံမှာ  GrabThoneBane  မိတ်ဆက်ရတဲ့ ပထမအချက်က တိုးပွားလာတဲ့ ခရီးသွား တွေအတွက် လုံခြုံစိတ်ချပြီး ဈေးနှုန်း သင့် တင့် မယ်၊ ကိုယ်သွားချင်တဲ့ ခရီးစဉ်ကို စိတ်ကြိုက်ငှားလို့ရမယ်၊ ယာဉ်မောင်းနဲ့ လည်း အပြန် အလှန် စကားပြောလို့ရမယ့့် သယ်ယူပို့ဆောင်ရေး ပုံစံအသစ်တစ်ခုကို ပေးချင်တာပါ

နောက် တစ်ခုက ကျွန် တော်တို့ဟာ  ပုဂံကို လာရောက်တဲ့ ခရီးသွားတွေရဲ့ လိုအပ်ချက်ကို သေချာ လေ့ လာပြီးမှ အဲဒီ အရပ်ဒေသနဲ့ ကိုက်ညီမှုရှိအောင် ဒီGrabThoneBane ဝန်ဆောင်မှုကို ဖန်တီး ပေးခဲ့ တာ ပါ။” ဟု ပြောသည်။

ပုဂံဒေသတွင် GrabThoneBane သုံးဘီးအငှားယာဉ်ဝန်ဆောင်မှုကို စတင်ပြေးဆွဲကြောင်း တရားဝင်မိတ်ဆက်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်တွင်ပြုလုပ်ခဲ့သည်။ထိုကဲ့သို့ မိတ်မဆက်ခင်  Grab သုံးဘီးအငှားယာဉ်ဝန်ဆောင်မှုကို  အောက်တိုဘာလ ၁၅ ရက်နေ့ကတည်းက  အကြို စမ်းသပ်ပြေးဆွဲမှုအဖြစ် ပုဂံတွင်ပြေးဆွဲခဲ့ရာ ယင်းကာလအတွင်း ခရီးသည်ငှားရမ်းစီးနင်းမှု ခရီးစဉ်ပေါင်း ၁၅၀ ဝန်းကျင်ရှိခဲ့ကြောင်းသိရသည်။  သုံးဘီးယာဉ်အစီးရေ ၃၀ ဖြင့် စမ်းသပ်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။


ပုဂံမြို့၏  GrabThoneBane ငှားရမ်းမည့်ပုံစံသည် အခြားမြို့များကဲ့သို့ Grab အက်ပလီကေးရှင်းအသုံးပြုရန်မလိုအပ်ဘဲ Grab Call Centre သို့သာဆက်သွယ်ငှားရမ်းရမည်ဖြစ်သည်။ နာရီအလိုက် (သို့မဟုတ်) လေဆိပ်၊ ကားဂိတ်၊ ရထားဘူတာနှင့် သဘောၤဆိပ်များသို့ အကြို၊ အပို့ လမ်းကြောင်းအလိုက် သတ်မှတ်ထားသည့် ပုံသေဈေးနှုန်း အမျိုးမျိုးကို စုံစမ်းမေးမြန်းပြီး  ငှားရမ်းနိုင်မည့် ပုံစံဖြစ်သည်။


၂ နာရီငှားရမ်းမှုအတွက် မြန်မာကျပ်ငွေ ၁၀၀၀၀  ၊  ၄ နာရီဆိုလျှင်  ၁၅၀၀၀ ကျပ် ၊ ၈ နာရီငှားရမ်းခ နှုန်းထားမှာ ၂၅၀၀၀ ကျပ်သတ်မှတ်ထားပြီး လေဆိပ် ၊ ကားဂိတ် ၊ရထားဘူတာ ၊သင်္ဘော ဆိပ် စသဖြင့် ခရီးစဉ်တစ်ကြောင်းစာအတွက် မြန်မာကျပ်ငွေ ၅၀၀၀ သတ်မှတ်ထားကြောင်းသိရသည်။ခရီးသည်များအနေဖြင့် Grab Call Centre ဖုန်းနံပါတ်ဖြစ်သည့်  +၉၅၉-၇၅၀-၁၀-၈၇၃၄ (သို့မဟုတ်) +၉၅၉-၇၅၀-၁၀-၈၇၃၅ သို့ ဆက်သွယ် ငှားရမ်းနိုင်မည်ဖြစ်သည်။ ခရီးစဉ် တစ်ကြောင်းလျှင် ခရီးသည်နှစ်ဦးနှင့် ခရီးဆောင်အိတ် နှစ်အိတ်အထိ သယ်ဆောင် သွားလာနိုင်သည်။


ပုဂံသည် Grab ဝန်ဆောင်မှု ချဲ့ထွင်သော  တတိယမြောက်ဒေသတစ်ခုဖြစ်ပြီး  GrabThoneBane ဝန်ဆောင်မှုရရှိမှုအနေဖြင့်  ဒုတိယမြောက်မြို့တစ်ခုဖြစ်သည်။


လက်ရှိတွင် Grab မှ ရန်ကုန်မြို့ ၊ မန္တလေး နှင့် ပုဂံဒေသ သုံးခုတို့တွင် Grab အငှားယာဉ်ဝန်ဆောင်မှု နှင့်၊ Grab သုံးဘီးအငှားယာဉ်ဝန်ဆောင်မှု ပေးလျက်ရှိသည်။
   

ပုဂံမြို့တွင် GrabThoneBane စမ်းသပ်ပြေးဆွဲခြင်းကာလအတွင်း မောင်းနှင်ခဲ့သည့်  မိတ်ဖက်ယာဉ်မောင်း  ကိုအောင်မြင့်မြတ်က “ခရီးသွားတွေအတွက်တော့ Grab က ထူးခြားပြီး ပျော်စရာကောင်းတဲ့ ပုံစံအသစ် တစ်ခုပေါ့။ ပုဂံကို ကိုယ့်အစီအစဉ်နဲ့ကိုယ် စက်ဘီးတစ်စီးငှားပြီး လျှောက်လည်တဲ့ ခရီးစဉ်ထက်စာရင်   ဘေးကင်းလုံခြုံပြီး သက်သောင့်သက်သာရှိရှိ မပင်ပန်းဘဲ သွားလာနိုင်ပါတယ်။ ပြီးတော့ GrabThoneBane က ခရီးသည်တွေအတွက် လေဆိပ်၊ ကားဂိတ်၊ ရထားဘူတာနဲ့ သဘောၤဆိပ်တွေကနေ ဟိုတယ်ကို အကြို/အပို့ လုပ်ပေးနိုင်တဲ့ ဝန်ဆောင်မှုလည်း ဖြစ်တယ်။ ပုဂံမြို့ရဲ့ သာယာလှပတဲ့ ရှုခင်းတွေကို ခံစားကြည့်ရှုဖို့ မစောင့်နိုင်တော့ဘူးဆိုရင်တော့ GrabThoneBane ကို သုံးပြီး ကျွန်တော်တို့နဲ့ ချိတ်ဆက်လိုက်ပါ ခင်ဗျာ” ဟု ဆိုသည်။

Theingi Htun is a journalist who worked for two years at Yangon Times Journal and Flower News. She also worked for two years at Democracy Today News as Senior Journalist. She wrote many articles about culture, the travel sector and lifestyle stories too. Now she is working at My Magical Myanmar as a travel writer and social media executive."

0Comments

Leave a Comments