Travel Sector Updates

Journey to the Northwest ကဒူး ကနန်းဒေသ ခရီးဝေးလမ်းကြမ်းကားမောင်းခရီးစဉ် တတိယနေ့

missing
Photo - Aung Phay Kyi Soe

မြန်မာနိုင်ငံအတွင်း ခရီးစဉ်ဒေသအသစ်တွေ ပေါ်ထွက်လာဖို့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဖော်ဆောင်နေတဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်ပြီး  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရနဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းပြီး ခုနှစ်ညအိပ် ရှစ်ရက်ကြာ Journey the Northwest လို့ အုပ်စုလိုက် ခရီးဝေးလမ်းကြမ်းကားမောင်းခရီးစဉ် တစ်ခုကို စစ်ကိုင်းဒေသကြီး အရှေ့ဖက်ခြမ်း ကဒူး ကနန်း တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသတွေမှာ ဇန်နဝါရီလ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်ခဲ့ပါတယ်

ဒီခရီးစဉ်ကို လိုက် ပါခဲ့တဲ့ My Magical Myanmar ရဲ့ senior writer အောင်ဖေကြည်စိုးက ကားမောင်းခရီးစဉ် တတိယနေ့ (DAY-3) ခရီးစဉ်ကို ရေးသားထားပါတယ်။

စာရေးဆရာ George Orwell၊ ဆရာကြီးရွှေဥဒေါင်းနဲ့ ဆရာကြီးသော်တာဆွေတို့ နေခဲ့တဲ့မြို့
မနက် ၆နာရီဝန်းကျင်လောက် ကသာမြို့ စိန်ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်က နံနက်စာစားပြီးတော့ တစ်မြို့ လုံးကို အပေါ်စီး ကနေကြည့်လိုက်တာ တစ်မြို့လုံးနေမထွက်သေးဘဲ မြူတွေဆိုင်း တွေနေတာကို တွေ့ရပါတယ်

Advertisment
advertisment

ဒါပေမယ့် မြိုထဲမှာတော့ လှုပ်ရှားသွားလာနေတဲ့ လူတွေအပြင် ဆွမ်းခံကြွနေကြတဲ့ သံဃာတွေကို ဆွမ်းလောင်းနေကြတဲ့ သူတွေရှိပါတယ်။ ဒီမြင်ကွင်းက မြို့ပြနေထိုင်သူတွေအတွက်တော့ ကြည်နူးစရာဖြစ်ပါတယ်။

ကသာမြို့မှာ အင်္ဂလိပ်လက်ထက်က ကိုလိုနီအဆောက်အဦတွေ တော်တော်ရှိသလို ယခုလက်ရှိမှာလည်း အဲ့ဒီအဆောက် အအုံတွေမှာ ဌာနဆိုင်ရာအသီးသီးရဲ့ရုံးတွေ ဖွင့်လှစ်ထားတာကို တွေ့ရ ပါတယ်။ ဒါ့အပြင် ၁၉၄၂ ခုနှစ်လောက်က ဖောက်ခွဲနှစ်မြှပ်ခဲ့တဲ့ ဧရာဝတီဖလော်တီလာ သင်္ဘောတွေအပါအဝင် သင်္ဘောအစီးရေ ရာကျော်နီးပါဟာ ဧရာဝတီမြစ်ထဲမှာ ခုထိ ရှိနေသေးတယ် လို့လည်း ဒေသခံ သက်ကြီးဘိုးဘွားတွေနဲ့ သမိုင်းနဲ့စာပေပညာရှင်တွေကလည်း ဆိုကြပါတယ်။

နိုင်ငံခြား ခရီးသွားဧည့်သည်တွေဟာ ကသာမြို့ကို ရောက်ရင် နံမယ်ကျော် စာရေးဆရာကြီး George Orwell ရဲ့ လူသိများတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Burmese Days ထဲမှာပါတဲ့ နေရာတွေအတိုင်း သွားလေ့လာကြတယ် လို့ ခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်နေကြတဲ့ ဒေသခံတွေက My Magical Myanmar ကို ပြောပါတယ်။ ဒါ့အပြင် ကသာမြို့ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကျော် စာရေးဆရာ ကြီးတွေဖြစ်တဲ့ ဆရာကြီးရွှေဥဒေါင်းနဲ့ ဆရာကြီးသော်တာဆွေတို့ အခြေချခဲ့ကြတဲ့မြို့ဖြစ်တယ်လို့ သိရပါတယ်။

ဒီအထဲမှာ ကမ္ဘာကျော်စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ် ရဲဝန်ထောက်ဘဝနဲ့ ကိုလိုနီခေတ်က နေထိုင်ခဲ့တဲ့ နေအိမ်ကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကသာမြို့နယ် ရဲတပ်ဖွဲ့မှူးနေအိမ်လို့ သိရပါတယ်။

နံနက် ၈ နာရီ ၁၅ မိနစ်မှာတော့ ခရီးဝေးလမ်းကြမ်း ကားမောင်းအဖွဲ့ယာဉ်တန်းဟာ ကသာမြို့စိန်ဟိုတယ်ကနေ ထွက်ခွာလာခဲ့ပြီး ကမ်းနားလမ်းမှာရှိတဲ့ ကသာဆိပ်ကမ်းနားမှာ ဧရာဝတီမြစ်ကို နောက်ခံထားပြီးတော့ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြပါတယ်။ ပြီးတာနဲ့ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ် ရဲဝန်ထောက်ဘဝနဲ့ နေခဲ့တဲ့အိမ်ကို လေ့လာဖို့ သွားကြပါတယ်။

၂၀၁၃ ခုနှစ်မတိုင်မီထိ ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့ချ်အော်ဝဲလ်ရဲ့ နေအိမ်ကို ကိုလိုနီခေတ် အရေးပိုင်မင်းနေအိမ်နဲ့ ကမ္ဘာ့မီဒီယာတွေမှာပါ မှားပြီး ဖော်ပြခဲ့တာတွေ ရှိခဲ့ပြီး နောက်ပိုင်း ကိုလိုနီခေတ်က မြေပုံဟောင်းတွေနဲ့ သေချာလေ့ ကြည့်တော့မှ ယခုနေအိမ်အမှန်ကို သိရှိခဲ့ရတယ်လို့ အင်္ဂလိပ်ခေတ် သမိုင်းကြောင်းနဲ့ ကိုလိုနီခေတ် အဆောက်အအုံတွေ အကြောင်းကို တော်တော်လေးကို လေ့လာထားတဲ့ ကသာမြို့ခံ စာရေးဆရာ ညိုကိုနိုင်က ကားမောင်းခရီးကြမ်းသွား ယာဉ်တန်းက အဖွဲ့ဝင်တွေကို အသေးစိတ် ရှင်းပြပါတယ်။

ကသာမြို့ကိုလာတဲ့ နိုင်ငံခြားခရီးသွားတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ဂျော့ချ်အော်ဝဲလ်ရဲ့ နေအိမ်ကို လာရောက်လေ့လာ ကြတာဖြစ်သလို အဲ့ဒီကနေတဆင့် နတ်ပေါက်ဆင်စခန်းကို သွားကြတယ်လို့ စာရေးဆရာ ညိုကိုနိုင်ကပြောပါတယ်။ လက်ရှိ မှာတော့ ဒီအိမ်ကြီးကို အချိန်မီ ထိန်းသိမ်းနိုင်ဖို့အတွက် Yangon Heritage Trust အဖွဲ့အစည်းကို ဆက်သွယ်အကူအညီ   တောင်းထားတယ်လို့ ဆိုပါတယ်။

“ဒီအိမ်ကြီးတွေဟာ ၁၈၈၆ ခုနှစ်မှာ ကသာနယ်မြေတဝိုက်မှာ တည်ဆောက်ထားခဲ့တာပါ” လို့ စာရေးဆရာ ညိုကိုနိုင်က ရှင်းပြပါတယ်။

မနက် ၉နာရီ ၁၅ မိနစ်မှာတော့ ကားမောင်းအဖွဲ့ဟာ ကသာမြို့က (၁၀) မိုင်အကွာမှာရှိတဲ့ နတ်ပေါက် ဆင်စခန်းကို ထွက်ခွာလာခဲ့ပြီး ၁၅မိနစ်အကြာမှာ ရောက်ရှိခဲ့ပါတယ်။ ဆင်စခန်းရဲ့အဝင် သုံးမိုင်လောက်ကတော့ မြေသားလမ်းဖြစ်ပါတယ်။ရောက်တာနဲ့အဖွဲ့သားတွေ ဆင်စခန်းမှာ လေ့လာကြပါတယ်။

နတ်ပေါက်ဆင်စခန်းကို ၂၀ဝ၀ ခုနှစ်လောက်ထဲစတင်ခဲ့တာဖြစ်ပေမယ့် ၂၀ဝ၉ခုနှစ်ကစပြီး လူသိပိုများလာတာဖြစ်ပါတယ်။ မန္တလးကနေပြီး ဗန်းမော်အထိ နိုင်ငံခြားအပျော်စီးသင်္ဘောတွေက နိုင်ငံခြားသားတွေ ကသာမြို့ရောက်ခဲ့အခါ ဆယ်မိုင်အကွာက ဒီဆင်စခန်းကို လာကြည့်ကြပါတယ်။ လက်ရှိမှာတော့ ဒီဆင်စခန်းမှာ ဆင် (၁၉) ကောင်ရှိပါတယ်။ ဒီစခန်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ဖက်ဆွတ်ကြိုးဝိုင်း၊ အကွက်နံပါတ် ၃၃ ထဲမှာ တည်ရှိပါတယ်။

“ဒီဆင်စခန်းက ဆင်ထိန်းသိမ်း စောင့်ရှောက်ရေး အခြေပြု ခရီးသွားလုပ်ငန်းထဲမှာ တစ်ခုအပါဖြစ်ပါတယ်။ ဒီလိုဆင်စခန်းဖွင့်ထားတော့ ကသာ၊အင်းတော်ဒေသတွေရဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ ပြည်သူတွေကို ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ပက်သက်ပြီး လေ့လာသိရှိစေဖိုဆိုတဲ့ ရည်ရွယ်ချက်တွေပါပါတယ်”လို့ နတ်ပေါက်ဆင်စခန်းကို ကြီးကြပ်နေတဲ့ ဆင်ဆရာဝန် ဒေါက်တာ ထူးထူးအောင်က My Magical Myanmar ကို ပြောပါတယ်။

လာတဲ့ဧည့်သည်တွေ အနေနဲ့  သဘာဝရှုခင်းတွေကို ဆင်စီးရင်း ကြည့်ရှုနိုင်တဲ့အပြင် ဆင်စာကျွေးတာ၊ ဆင်ရေချတဲ့အခါ  ရေထဲကိုဆင်းပြီးတော့ ဆင်ကိုပွတ်သပ်တာတို့ လုပ်လို့ရပါတယ်။ ဒါတွေအပြင် ဆင်တွေ ရှိခိုးဦးခိုက်ပြတာ၊ သစ်လုံးမတာ၊ သစ်လုံးဆွဲတာတွေနဲ့ သစ်တုံးပေါ် လမ်းလျှောက်ပြတာတွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။

ဝင်ကြေးကတော့ တိုင်းရင်းသားတစ်ဦးဆိုရင် တစ်ထောင်ကျပ်နဲ့ နိုင်ငံခြားသားတစ်ဦးဆိုရင် နှစ်သောင်းကျပ်ကောက်ခံပါ တယ်။ ခရီးတိုဆင်စီးမယ်ဆိုရင် တိုင်းရင်းသားတစ်ဦးအနေနဲ့ သုံးထောင် ကျပ်နဲ ့ နိုင်ငံခြားသားတစ်ဦးဆို နှစ်သောင်းကျပ်လို့ သတ်မှတ်ထားပါတယ်။ ခြောက်မိုင်ဝန်းကျင် အကွာအဝေးဖြစ်တဲ့ ခရီးရှည်ဆင်စီးမယ် ဆိုရင်တော့ တိုင်းရင်းသားရော နိုင်ငံခြားသားပါ  ဈေးနှုန်းကအတူတူပါပဲ။ ငွေကျပ်ငါးသောင်း ဖြစ်ပါတယ်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ ပြည်တွင်းနဲ့ ပြည်ပက နိုင်ငံခြားသား စုစုပေါင်းဧည့်သည်  ၁,၇၃၃ဦးရှိခဲ့ပြီး ဝင်ငွေ ကျပ်သိန်း ၇၀နဲ့ ခုနှစ်ထောင်လောက် ရှာပေးနိုင်ခဲ့ပါတယ်။ နိုင်ငံခြားသားဧည့်သည် သီးသန့်ဆိုပြီး ပြန်ခွဲထုတ်မယ် ဆိုရင်တော့ ၂၇၅ဦး ရှိခဲ့ပါတယ်။ ဒီကိုလာတဲ့ ပြည်ပဧည့်သည် အများစုက ဥရောပနိုင်ငံတွေက ဧည့်သည်တွေနဲ့ အမေရိကန်လူမျိုးတွေ ဖြစ်ကြတယ်လို့ ဆင်စခန်းက တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဒီဝင်ငွေဟာ ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်မှာရတဲ့ ဝင်ငွေကျပ်သိန်း ၁၆၀ ကိုတော့ မမှီသေးပါဘူး။ ကသာမြို့နဲ့ ဗန်းမောက်မြို့ကို လုံခြုံရေး အခြေအနေအရ နိုင်ငံခြားသားတွေကို လာရောက်ခွင့်တားမြစ်ထားတဲ့ အချက်လည်းပါနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

“နိုင်ငံခြားသား ဝင်ရောက်မှုကျတော့ နယ်မြေအေးချမ်းမှုနဲ့ နည်းနည်းဆိုင်တယ်ဗျ။ ဒါက ကသာခရိုင် အင်းတော်မြို့မှာရှိပေ မယ့် တစ်ခါတစ်ခါကျရင် မြစ်ကြီးနားဘက်မှာ လမ်းကြောင်းရှိနေရင် နယ်မြေအေးချမ်းမှုအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံခြား သား အဝင်အထွက် အတိုးအလျှော့ကတော့ ကွဲပြားမှုရှိပါတယ်” လို့ ဒေါက်တာ ထူးထူးအောင်ကရှင်းပြပါတယ်။

ဒီစခန်းက ကသာအနောက် သစ်ထုတ်လုပ်ရေး ဒေသအောက်မှာ ရှိနေတာဖြစ်သလို ယခုလက်ရှိ အဲ့ဒီ့စခန်းမှာ ဆင်ကောင်ရေ (၁၂၈) ကောင်ရှိနေပြီး တစ်နှစ်ကို ဆင်ငါးကောင်နဲ့ ခုနှစ်ကောင် အကြားမွေးဖွားနေတာရှိ တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

မြန်မာနိုင်ငံတစ်ငံတစ်ခုလုံးမှာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အခြေပြုခရီးသွားလုပ်ငန်းနဲ့ ဆက်နွယ်တဲ့ ဆင်စခန်း (Elephant Conservation Based Tourism) ပေါင်း (၂၁) ခုမှာ နတ်ပေါက်ဆင်စခန်းဟာလည်း တစ်ခုအပါအဝင် ဖြစ်သလို အဆင့်သတ်မှတ်ချက်အနေနဲ့ အဆင့်(၇) လောက်နဲ့ ရပ်တည်နေတယ်လို့ ဒေါက်တာ ထူးထူးအောင်ရဲ့ ပြောစကားအရ သိရ ပါတယ်။
ကားမောင်းခရီးစဉ် အဖွဲ့ဝင်တွေဟာ ဆင်စခန်းက ဆင်တွေကို အစာကျွေးကြပြီး အမှတ်တရ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ တစ်ချို့ကလည်း ခရီးတိုဆင်စီးကြပါတယ်။ သဘာဝရဲ့ အငွေ့အသက် တောတောင်ရေမြေကို ထိတွေ့ရတာ ဖြစ်လို့ အားလုံးလန်းဆန်း ပျော်ရွှင်နေကြပါတယ်။ ပြီးတဲ့နောက်မှာတော့ ဆင်စခန်းရဲ့ ရှင်းလင်းဆောင်မှာ အဖွဲ့သားတွေက ဒေါက်တာ ထူးထူးအောင်ကို သိချင်တာတွေ မေးကြပါတယ်။

မြန်မာ့တူရိယာပစ္စည်းတွေ လုပ်တဲ့ရွာ
မနက် ၁၀နာရီ ၅၀မိနစ်မှာ ခရီးကြမ်း ကားမောင်းအဖွဲ့ဟာ နတ်ပေါက်ဆင်စခန်းက ကသာခရိုင်၊ အင်းတော်မြို့နယ်၊ လက်ပံကုန်းကျေးရွာက ဆရာပွဲရဲ့ မြန်မာ့ရိုးရာဗုံလုပ်ငန်းကို လေ့လာဖို့ ဆက်လက် ထွက်ခွာခဲ့ကြပါတယ်။ ၁၁ နာရီ ၃၀ မိနစ်မှာတော့ ဆရာပွဲရဲ့ရွာကို ရောက်ပါတယ်။ ခရီးကြမ်းကားမောင်းယာဉ်တန်း ဝင်လာတာနဲ့ တစ်ရွာလုံးနီးပါး လမ်းဘေးဝဲယာမှာ အလံ တွေ ဝှေ့ယမ်းပြီး ကြိုဆိုတာကို မြင်ရတာကြောင့် အဖွဲ့အဝင်တွေ အကုန်လုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

လက်ရှိမှာတော့ ဆရာပွဲက ကွယ်လွန်သွားပြီဖြစ်လို့ သားဖြစ်သူ ဦးကျော်ညွန့်က မြန်မာ့တူရိယာနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ လုပ်တဲ့လုပ်ငန်းကို လက်ဆင့်ကမ်းဆောင်ရွက်ဆောင်ရွက်နေပါတယ်။ ၁၉၇၁ ခုနှစ်လောက်ကစပြီး စည် လုပ်ငန်းလုပ်ခဲ့တာ ကြောင့် အခုဆိုရင် (၄၇) နှစ်လောက်ရှိပါပြီ။

အဓိက အများဆုံး လုပ်ပေးရတဲ့ ပစ္စည်းတွေကတော့ စည်တော်ကြီး၊ရှမ်းအိုးစည်၊ ဒိုးပတ်၊ ရှမ်းမြောတို့ ဖြစ်ပါတယ်။ မြန်မာ ပြည်အထက်ပိုင်းမှာတော့ ဆရာပွဲ ရဲ့ ရှမ်းအိုးစည်၊ စည်တော်တွေရဲ့ သစ်အရည်အသွေးဟာ အခြားဒေသထုတ် တူရိယာပစ္စည်းတွေထက် အရည်အသွေး တော်တော်ကောင်းလို့ တော်တော့ကို နာမည်ကြီးတယ်လို့ ဒေသခံတွေ ပြောကြပါတယ်။

“ကျွန်တော်တို့က မြန်မာ့တူရိယာနဲ့ ပက်သက်တဲ့ပစ္စည်းတွေ အကုန်လုံးလုပ်ပါတယ်။ အဖေ့လက်ထက်ကနေ လက်ဆင့်ကမ်း ဆင်းသက်ပြီး လုပ်လာတာဖြစ်ပါတယ်။ ကျွန်တော့် သားသုံးယောက် ကိုလည်း လက်ဆင့်ကမ်းပေးမှာပါ” လို့ ဦးကျော်ညွန့်က ဆိုပါတယ်။

သူတို့ ဖန်တီးတဲ့ မြန်မာ့တူရိယာပစ္စည်းတွေကိုတော့ မုံရွာ၊အထက်မြန်မာပြည်၊ ကချင်ပြည်နယ် မိုးကောင်း၊မိုးညှင်းနဲ့ ဗန်းမော်ဒေသတွေ အထိကို ဖြန့်ဖြူးရောင်းချပေးနေရပြီး တပေါင်းနဲ့တန်ခူးလ အချိန်တွေမှာ  ရောင်းအား ပိုကောင်းလာတယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာ့ရိုးရာတူရိယာ ပစ္စည်းတွေကို နှစ်သက်သဘောကျတဲ့ နိုင်ငံခြားသား ဧည့်သည်တွေလည်း  လာရောက် လေ့လာတာတွေ ရှိပါတယ်။

စည်လုပ်ဖို့အတွက် ကုက္ကို၊ ယမနေနဲ့ သရက်စတဲ့ အသားတွေကို သုံးရတာဖြစ်ပြီး သားရေကိုတော့ နွားသားရေနဲ့ ကျွဲသား ရေကို အသုံးပြုတာဖြစ်ပြီး စည်ရဲ့ အရွယ်အစားပေါ်မူတည်ပြီးတော့ ငွေကျပ်နှစ်ထောင်ကနေ ဆယ်သိန်းအထိ ရှိတယ်လို့ သိရပါတယ်။

ဦးကျော်ညွှန့်ရဲ့ နှစ်ထပ်အုတ်တိုက်ရဲ့ အောက်ထပ် အရောင်းပြခန်းကို ဝင်လိုက်တာနဲ့ အဝမှာ လုံးပတ်အကျယ် နှစ်ပေနီးပါး နဲ့ အရှည် သုံးပေခွဲကျော်လောက်ရှိမယ့် စည်တော်ကြီး ပြထားတာ တွေ့ပါတယ်။ စည်တော်ကြီးရဲ့ သားရည်ပတ်စာ အနားစွန်း အပေါ်နားမှာ  ဆရာပွဲ-အင်းတော်လို့ သင်္ဘောဆေးအဖြူရောင်နဲ့ရေးထားပါတယ်။ သူရဲ့ ကိုယ်ထည်မှာတော့ မုံရွာမြို့ရဲ့ အနောက် ကင်းဝန်မင်းကြီးဦးကောင်း မွေးရပ်မြေ မင်းတိုင်ပင်သို့ပို့ရန် ဆိုပြီး ရေးထားတဲ့စာကိုလည်း တွေ့ပါတယ်။ စာနဲ့တဆက်တည်းဆိုသလိုပဲ ဒီစည်တော်ကြီးကို ပြုလုပ်တာ ကြာမြင့်တဲ့ရက် (၉၀) နဲ့ ရောင်းဈေး ငွေကျပ် ခြောက်သိန်းခွဲ ဆိုတာကိုလည်း ရေးထားပါတယ်။

အထဲကို ဆက်ဝင်သွားတဲ့အခါ စားပွဲပေါ်မှာ မြန်မာ့ဆိုင်းဝိုင်းပါ အိုးစည်၊ဗုံတွေကို ပုံစံငယ်တွေပြုလုပ်ပြီး ပြသထားတာတွေ ကိုလည်း တွေ့ပါတယ်။ ဒီပစ္စည်းတွေရဲ့ဘေးမှာ လုပ်တဲ့ကြာမြင့်ချိန်နဲ့ ရောင်းဈေးတွေကိုပါ ပြထားတာတွေ့ရပါတယ်။ အဖွဲ့ သားတွေအနေနဲ့ အမှတ်တရ ပစ္စည်းတွေ ဝယ်ယူတာတွေ ရှိသလို ဦးကျော်ညွန့်ကလည်း ယာဉ်တစ်ဦးကို အိုးစည်ငယ်တစ်ခုစီ လက်ဆောင်ပြန်လည်ပေးပါတယ်။

ခရီးဝေးခရီးကြမ်း ကားမောင်အဖွဲ့ဝင်တွေဟာ ဦးကျော်ညွန့်ရဲ့ စည်လုပ်နေတဲ့ အလုပ်ခွင်နေရာကို သွားလေ့လာပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါတယ်။စည်ထုတ်လုပ်ပုံ အဆင့်ဆင့်ကတော့ ပထမဦးစွာ စည်အရွယ်အစားအလိုက် သစ်တုံးအရွယ်အစားကို ရွေးချယ်ပြီး သစ်တုံးကို ရွေထိုး၊ ပွတ်ထိုးပါတယ်။ ပြီးရင်အခေါင်းထွင်းပါတယ်။ နောက်ဆုံးအဆင့်ကတော့ ထွင်းပြီး စည်အလွတ် တွေ ကို ကျွဲသားရေ၊နွားသားရေနဲ့ ပြန်ကြပ်ရတာပါ။မွန်းတည့် ၁၂နာရီ မှာတော့ လက်ပံကုန်းကျေးရွာကနေ အဖွဲ့တွေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အားလုံးလက်မရှောင်နိုင်ခဲ့တဲ့ ဝက်စတူးဟင်း
နေ့လည်စာ စားဖို့ပြင်ဆင်ထားတဲ့ အင်းတော်မြို့နဲ့ တစ်မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ကသာ-ဗန်းမောက် လမ်းဘေး၊အင်းတော်လေးအိုင်အနီးက မဏ္ဍာပ်ကို ၁၅မိနစ်အကြာမှာ ရောက်ပါတယ်။ အင်းရဲ့ ဘေးနားမှာ နေ့လည်စာ စားရတာဖြစ်လို့ တိုက်ခတ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေကိုလည်း အဝ ရှုရှိုက်ရပါတယ်။

စားပွဲပေါ်မှာ ကြက်သားဟင်းစတဲ့ ဟင်းတွေက အမယ်စုံပါပဲ။ အဲ့ဒီအထဲမှာမှ နှစ်ဆယ်သားကျော်လောက်ရှိတဲ့ ဝက်သားတုံးကြီး တစ်တုံးကို ဝက်စတူးချက်ထားတဲ့ ဟင်းခွက်ကိုတော့ ထမင်းစား တဲ့သူတိုင်း မရှောင်လွှဲဘဲ မနေနိုင်အောင် ထည့်စားကြပါတယ်။ အသား ကလည်း နူးအိနေတာကြောင့် စားရတာ အင်မတန်ကို အရသာရှိတဲ့အတွက် အစားနည်းတဲ့သူတောင် လိုက်ပွဲယူရတဲ့ အထိဖြစ်ရပါတယ်။ ဝက်စတူးကို တခြားဟင်းလျာတစ်မျိုးဖြစ်တဲ့ ခရမ်းချဉ်သီး ငပိချက်နဲ့ တွဲစားရတာဟာ အရမ်းကိုစားရတာမြိန်ပါတယ်။ ထမင်းစားပြီးတဲ့အခါ လိမ္မော်သီး၊ဆီးသီးနဲ့ ဒေသထွက် မရွေးမုန့်ကို အချိုတည်းရတာလည်း အလွန်ကိုအရသာ ရှိပါတယ်။

အင်းတော်လေးအိုင်ဟာ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံး အင်းကြီးဖြစ်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။ အင်းအတွင်းကို အောက်တောကြိုးဝိုင်း၊နန့်ဒရန်ကြိုးပြင်ကာကွယ်တော၊ ဖက် ဆွတ်ကြိုးဝိုင်း၊ ဂဟဲကြိုးပြင် ကာကွယ်တော၊ဂဟဲ ကြိုးဝိုင်း၊ ကလုံကြိုးဝိုင်း၊ တောင်လေးတန်ကြိုးဝိုင်းစတဲ့ ဧက ၃၇,၈၂၂ ရှိတဲ့ ရေဝေရေလဲ ဧရိယာတွေက ချောင်းတွေ ဖြတ်သန်း စီးဆင်း တာကြောင့် အင်းကတော်တော်ကျယ်ပါတယ်။

ဒါကြောင့်လည်း အင်းနားက သစ်တောတွေမှာ ကျွန်း၊ကညင်၊တမလန်း စတဲ့ အဖိုးတန်သစ်တွေ ပေါက်ရောက်နေသလို အင်းထဲမှာလည်း ငါးကြင်း၊ငါးမြစ်ချငး်၊ငါးဖယ်၊ငါးခူ၊ ငါးရွှေ၊ငါးမြင်း၊ငါးပတ်၊ တီလားဗီးယားနဲ့ အခြားငါးမျိုးစိတ်တွေ အစုံလည်း  ပေါကြွယ်ဝတယ်လို့ ဒေသခံတွေ ပြောပြလို့ သိရပါတယ်။

မွန်းလွဲ ၁၂နာရီ ၅၅မိနစ်မှာတော့ ကားမောင်းယာဉ်တန်းဟာ ဗန်းမောက်မြို့ကို စတင်ထွက်ခွာလာခဲ့ပြီး နေ့လည် ၂ နာရီ ဝန်းကျင်လောက်မှာ ဗန်းမောက်မြို့ကိုရောက်ပါတယ်။ ယာဉ်တန်း ဝင်လာ တာနဲ့ မြို့ထဲက ဒေသခံတွေဟာ ကားလမ်းဘေးဝဲယာ တစ်လျှောက် အလံတွေကို ဝှေ့ယမ်းပြီး ကြိုဆိုနှုတ်ဆက်ကြပါတယ်။ မြို့ထဲကနေ (၅) မိုင်နဲ့ (၅) ဖာလုံကွာဝေးတဲ့ ဇလုံတောင်ရဲ့ လူထု အခြေပြုခရီးသွားလုပ်ငန်း ( Community Based Tourism) နေရာကို ရောက်ဖို့ မြေသားလမ်းအတိုင်း လာရင်တော့ မိနစ် ၂၀ လောက်မောင်းရပါတယ်။

ကားယာဉ်တန်းရောက်တော့ ခါတိုင်းတွေ့နေကြလိုပဲ ဒေသခံတွေက လမ်းဘေးဝဲယာကနေ ဆီးကြိုကြပါတယ်။ အဖွဲ့သားတွေလည်း ဒေသခံတွေဖြစ်တဲ့ ကတူး (ကဒူး)နဲ့ ရှမ်းနီ လူမျိုးတိုင်းရင်း သားတွေကို လိုက်လံနှုတ်ဆက်ကြပြီး ဇလုံတောင်  တောင်ပေါ်တက်ဖို့ မိမိတို့ရဲ့ယာဉ်တွေကို စစ်ဆေးကြပါတယ်။

ဇလုံတောင် အတက်အဆင်း
CBT ကနေ ဇလုံတောင်ထိဆိုရင် ကိုးမိုင်တိတိ ဝေးပါတယ်။ ကားလမ်းတွေကို ဒေသခံတွေ ဖောက်လုပ်ထားတာဖြစ်လို့ တော်တော်လေး မတ်စောက်တာ တွေ့ရပါတယ်။ မြေသားလမ်းကလည်း ဖြစ်တယ်၊ တစ်ချို့နေရာတွေမှာ မြေကအသားမသေဘဲ  ရေနဲ့စိုနေတာမျိုးတွေက ကားမောင်းရတာ ခက်ခဲစေသလို အလွန်အန္တရာယ်လည်းရှိပါတယ်။ မတ်စောက်နေတဲ့တောင်ကို အရှိန်နဲ့တက်နေ တုန်း အပေါ်ရောက်တော့ ချက်ချင်းလမ်းကွေ့အချိုးတွေလည်းရှိတာကြောင့် ဒီလမ်းကြော အခြေအနေကို  မောင်းဖူးတဲ့သူက သိမှဖြစ်မှာပါ။

ဒါကြောင့် ဒီ CBT စခန်းက တာဝန်ရှိသူတွေက ဘုရားဖူးလာတဲ့ မည့်သည့်ယာဉ်ကိုမှ တောင်ပေါ်ကို တက်ခွင့်မပြုပါဘူး။ ဒီက စီစဉ်ပေးထားတဲ့ လူ (၁၅) ယောက်ဆံ့တဲ့ Hilux၊ Volvo ၊ Chevrolet ယာဉ်တွေနဲ့ပဲ တက်လို့ရပါတယ်။ တောင်တက်မယ့်ကားတွေဟာ အနည်းဆုံး အင်ဂျင်ပါဝါ 2.8 နဲ့ 3 CC ရှိတဲ့ Four Wheels ကားတွေဖြစ်မှ တက်လို့ အဆင်ပြေမယ်လို့လည်း အဲ့ဒီက တာဝန်ရှိတဲ့ သူတွေက ဆိုပါတယ်။

“လမ်းကြောင်း အနေအထားကိုလည်း တော်တော်ကျွမ်းကျင်မှဗျ။ ကားကောင်းတိုင်းလည်း မရဘူး။ဘယ်လောက်  ကွေ့တယ်ဆိုတာ အပြင်ကလူက မသိနိုင်ဘူး။ ယာဉ်လိုင်းအဖွဲ့က သွားနေကျသူပဲ သိတယ်” လို့ ဇလုံတောင်ရဲ့ လူထုအခြေပြုခရီးသွားလုပ်ငန်း ( Community Based Tourism)ရဲ့ တာဝန်ခံ ဦးစိန်ကျော်ဦးက မှတ်ချက်ပေးပါတယ်။

နေ့လည် ၂နာရီခွဲ ဝန်းကျင်လောက်မှာတော့ ကားယာဉ်တန်းဟာ ဇလုံတောင်ထိပ်ကိုတက်ဖို့ စတင် ထွက်ခွာ လာပါတော့တယ်။ ခရီးစဉ်မှာပါဝင်တဲ့ယာဉ်တန်း (၁၂) စီးမှာ အမျိုးသမီးယာဉ်မောင်း သုံးဦးရှိပေမယ့် ဒီတောင်တက်တဲ့ လမ်းမှာတော့ အမျိုးသမီးယာဉ်မောင်းတစ်ဦးကို ဒေသခံယာဉ်မောင်း ကျွမ်းကျင်သူတစ်ဦးနဲ့ ပြောင်းလဲမောင်းနှင်တယ်လို့ သိရပါတယ်။

မတ်စောက်တဲ့ မြေသားလမ်းတွေပေါ်မှာ မောင်းနှင်ရမှာဖြစ်တာကြောင့် အခန့်မသင့်ရင် ယာဉ်နောက်ပြန်လျှောကျနိုင်လို့  ယာဉ်တစ်စီးနဲ့တစ်စီး ပေ (၅၀) လောက်က ခပ်ခွာခွာမောင်းကြပါတယ်။

မတ်စောက်တဲ့လမ်းကို တစ်စီးတက်နေရင် အဆင်ပြေသွားမှ နောက်တစ်စီးကတက်သလို အရင်ရောက်နှင့်နေပြီး တစ်စီးကလည်း မျက်ခြေမပြတ်အောင် နောက်ကယာဉ်ကို စောင့်ဆိုင်းခေါ်ယူပါတယ်။

ဒါတောင် ၆မိုင် ၇ဖာလုံမှာရှိတဲ့ တည်ပင်ပြန့်နေရာကို မရောက်ခင် လှမ်းမျှော်တောင်နဲ့ကျောက်မဏ္ဍာပ်ကြားမှာ ရိုက်ကူးရေး ယာဉ်ဟာ အနည်းငယ် နောက်ပြန်ကျတာ ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် နောက်ကကားက ခပ်ခွာခွာကနေပြီး ကပ်ပြီးမလိုက်တာကြောင့် ဘာမှအန္တရာယ်မဖြစ်ခဲ့ပါဘူး။

မြေသားလမ်းတောင်ထိပ်ကနေ အရမ်းကိုစောက်များတဲ့ ဆင်ခြေလျှောကို တစ်ခါတည်းထိုးဆင်းပြီး အရမ်းကိုမတ် တဲ့တောင်ကို တဆက်တည်း ပြန်တက်ရတဲ့အခါ အသက်တောင် ဝအောင် မရှုရဲတာတွေ ရှိပါတယ်။ အဲ့ဒီလိုတက်နေချိန်တုန်းမှာ စက်သာသေခဲ့ရင်၊ကားသာ နောက်ပြန်ကျခဲ့ရင်တော့ မတွေးဝံ့စရာပါပဲ။

အဲ့ဒီလိုကြောက်ရွံ့နေတဲ့ကြားကပဲ ဘေးဝဲယာက သစ်တောတွေကြားမှာ ဘုရားကိုမြင်ရပြီလားလို့ အသည်းတယားယား ရှာရ တာကလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စီးတဲ့ယာဉ် အနက်ရောင်Toyota Land Cruiser Cygnus ကိုမောင်းတဲ့ ဦးထင်လင်းအောင်ကတော့ မြေပြန့်လမ်းမှာ မောင်းနေတဲ့ပုံစံမျိုး အေးအေးဆေးဆေးပါပဲ။

ယာဉ်မောင်းတွေထဲက အမျိုးသမီးယာဉ်မောင်းတစ်ဦးဖြစ်တဲ့ မမြတ်စုကတော့ မတ်စောက်တဲ့ တောင်တက်လမ်းကြမ်းကို မောင်းရတာနဲ့ပက်သက်ပြီး “လမ်းတွေက အန္တရာယ်များလျှောကျနိုင်တော့ သတိထားပြီးမောင်းပါတယ်၊ ဂီယာကြီးနဲ့တက်တယ်။  နောက်ကလည်း ကားတန်းပါတော့ ကိုယ့်ကားလိမ့်သွားလို့တစ်ခုခုဖြစ်ရင် တစ်ခုခုဖြစ်မှာလေ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်၊ စိတ်ဝင်တစားနဲ့ သေချာမောင်းနိုင်ခဲ့ပါတယ်” လို့ My Magical Myanmar ကို သူ့အတွေ့အကြုံ ပြောပြပါတယ်။

သူဟာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်းကလုပ်တဲ့ ငါးကြိမ်မြောက် ကားမောင်းခရီးကြမ်း ခရီးစဉ် မှာ လေးကြိမ်နဲ့ အများဆုံးလိုက်ပါဖူးတဲ့ ကားမောင်းအတွေ့အကြုံရှိသူ လည်း ဖြစ်ပါတယ်။

၂ နာရီ ၅၀ မိနစ်လောက်မှာတော့ ယာဉ်တန်းဟာ တည်ပင်ပြန့်နေရာမှာ ကားတွေကိုရပ်နားပြီး နောက်ကျန်ကားတွေကို စောင့်ကြသလို မိမိတို့ရဲ့ယာဉ်တွေကိုလည်း စစ်ဆေးကြပါတယ်။
 
ဇလုံတောင်ထိပ်က ဘုရားကိုမဖူးမျှော်မီ တည်ပင် ပြန့်နေရာကနေ ကျောက်တောင်ထိပ်မှာ ထိုးထွက်နေတဲ့ ဇလုံတောင်ဘုရားကို ဖူးမြော်ရတာဟာ အလွန်သပ္ပာယ်သလို အင်မတန်မှ စိတ်ချမ်းသာ စရာ ကောင်းလှပါတယ်။ ဆယ်မိနစ်လောက် နားပြီးတဲ့ အချိန်မှာတော့ ယာဉ်တန်းဘုရားပေါ်သို့ ဆက်လက် ထွက်ခွာခဲ့ပါတယ်။

နေ့လည် ၃နာရီနဲ့ ၁၅မိနစ်လောက်မှာတော့ ယာဉ်တွေအားလုံး ဘုရားပေါ်ရောက်ကြပါတယ်။အဖွဲ့သားတွေအနေနဲ့ အမှတ် တရ ဓါတ်ပုံတွေရိုက်ကူးကြပြီး ဂေါတမမြတ်စွာဘုရားက ညီတော် အာနန္ဒာကို နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားရှင် တရားထူးဟောကြားလိမ့်မယ်လို့ ဗျာဒိတ်စကားမိန့်ကြားခဲ့တဲ့ ဇလုံတောင်တော်ဘုရားသို့ တက်ကြပါတယ်။

ဇလုံတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃,ဝ၉၀) မှာ တည်ရှိနေတဲ့ အမဲရောင် ကျောက်တောင်ဖြစ်ပြီး  ကျောက်တောင်ကြီးတွေဟာ ပြောင်ချောပြီး တောတောင်အလယ် ထီးထီးကြီးမှာ သပ္ပါယ်စွာရှိနေပါတယ်။ တောင်ခြေကနေ တောင်ထိပ်ပေါ်ကိုတက်ဖို့ အင်္ဂတေနဲ့လုပ်ထားတဲ့ လှေကားထစ်တွေလုပ်ထားပြီး ဘုရားဖူးတွေပြုတ်မကျဖို့ ဘေးမှာ စတီးလက်ရမ်း လုပ်ပေးထားပေမယ့် လမ်းကတော့ တောင်ပေါ်နီးလေ သေးပြီးပိုကျဉ်းသွားတာကို တွေ့ရပါတယ်။

ဒါကြောင့် ဘုရားဖူးတွေများရင် ဒုက္ခရောက်နိုင်ပါတယ်။ ကျောက်တောင်ကြီးနှစ်ခုရဲ့ အလယ်မှာတော့ အရမ်းကိုကျဉ်းပြီး လူ တစ်ယောက်စာလောက်ပဲ ဝင်လို့ရတဲ့ နေရာတစ်ခုရှိပါတယ်။

အဲ့ဒီနေရာရောက်ရင် ဘုရားကိုတက်တဲ့သူနဲ့ ဘုရားပေါ်ကပြန် ဆင်းမယ့်သူတို့ကို အလှည့်ကျ သွားလာလို့ရအောင်လုပ်ပေးမှ အဆင်ပြေနိုင်ပါမယ်။ တောင်ထိပ်မှာရှိတဲ့ စေတီရဲ့ရင်ပြင်ဟာ (၂၀) ပေလောက်ပဲရှိတာကို တွေ့ရတာကြောင့် ဘုရားဖူးတွေများရင် တော်တော်လေး ဂရုစိုက်ဖို့လိုပါမယ်။

ညနေ ၄နာရီနဲ့ မိနစ် ၁၅ လောက်မှာ တည်ပင်ပြန့်ကနေ ရွှေရောင်တောက်နေတဲ့ ဇလုံတောင်ဘုရားကိုဖူးမြော်ဖို့အတွက် ယာဉ်တန်းတွေဟာ အောက်ကိုပြန်ဆင်းခဲ့ကြပါတယ်။ ရောက်တဲ့အခါ တစ်ချို့ယာဉ်တွေရဲ့ တာယာတွေ ပူလာလို့ ရေဖြန်းနေတာတွေ တွေ့ရပါတယ်။ ညနေ ၅နာရီမှာတော့ ယာဉ်တန်းဟာ တောင်ခြေက CBT စခန်းကို ပြန်လည်ထွက်လာပြီး နာရီဝက် အကြာလောက် မှာတော့ တောင်ခြေရောက်ပါတယ်။

ပြီးတော့ သက်ဆိုင်ရာယာဉ်တွေအလိုက် ကတူး (ကဒူး) ရိုးရာတဲတွေမှာ တာဝန်ခံတွေက နေရာချပေးပါတယ်။ CBT မှာတော့ MPT ကလွဲပြီး ကျန်တဲ့ sim card တွေ လိုင်းမမိတစ်ချက် မိတစ်ချက် ပါပဲ။ ညဘက်ရောက်ဖို့ နီးလာတာနဲ့ အအေးဓါတ်က သိသိသာသာကို ပိုလာပါတယ်။ အေးတာက ရေချိုးဖို့ကို မလွယ်တဲ့အနေအထားလို့တောင် ပြောလို့ရပါတယ်။ ညဘက်မှာ အရမ်းအေး တာကြောင့် လူနေများတဲ့ နေရာတွေမှာဆိုရင် မီးပုံတွေဖိုထားတာကို တွေ့ရပါတယ်။

ဒေသခံတွေကတော့ ညဘက်အပူချိန်ဟာ (၅) ဒီဂရီစင်တီဂရိတ်နဲ့ (၁၀) ဒီဂရီစင်တီဂရိတ် အကြားမှာ ရှိတယ်လို့ ပြောကြသလို  ဇလုံတောင်ကိုသွားရင် ညဖက်မှာ တော်တော်ကို အေးနိုင်တယ်လို့ ကသာမြို့ စိန်ဟိုတယ်က ဝန်ထမ်းတွေရဲ့ သတိပေးတာကို ကြားမိတာ ပြန်သတိရမိတယ်။ စီစဉ်ထားတဲ့ တဲတွေကလည်း လျှပ်စစ်မီးရသလို အိမ်သာကလည်း ဘိုထိုင်အိမ်သာဖြစ်ပြီး သန့်ရှင်းပါတယ်။

ညနေ ၆နာရီခွဲလောက်မှာတော့ ခရီးဝေးကားမောင်းအဖွဲ့ဝင်တွေဟာ ဆရာတော် ဦးကိတ္ထိသာရရဲ့ အကူအညီတောင်းမှုကြောင့် ဒေသခံတွေနဲ့အတူ ကတူး(ကဒူး) ရိုးရာပြခန်းကို ဖွင့်လှစ်ပေးပြီး ပြသထားတဲ့ ရိုးရာပစ္စည်းတွေကို လေ့လာကြပါတယ်။ ပြသထားတဲ့ ပစ္စည်းတွေထဲမှာ ကတူး (ကဒူး) ရိုးရာဝတ်စုံ၊ ရိုးရာအသုံးအဆောင် ပစ္စည်းများ၊ပေလွှာများ၊ ရွှေကျင်အင်ဝိုင်း၊ ရိုးရာမီးဖိုချောင်သုံး ပစ္စည်းများ၊နှီးဒေါင်းလန်းနဲ့ အခြားသော အသုံးအဆောင် ပစ္စည်းတွေကိုလည်း တွေ့ရပါတယ်။

ကတူး (ကဒူး) ရိုးရာ ထမင်းဟင်းနဲ့ညစာ
ပြီးတော့ ကျွန်တော်တို့ဟာ ညနေစာသုံးဆောင်ဖို့အတွက် ပြင်ဆင်ပေးထားတဲ့ CBT ဆိုင်းဘုတ်နားက မြေတလင်းပြင်ကို  ရောက်ပါတယ်။ မြေတလင်းပြင်မှာ ဧည်သည်တွေ ညစာသုံးဆောင်ဖို့ စားပွဲတွေ ခုံတွေ ခင်းထားပေမယ့် ထူးခြားတာက ထိုင်ခုံ တွေပါ။ ထိုင်ခုံတွေက သစ်ပင် ပင်စည်အပြတ်တွေကို ထိုင်လို့ရမယ့် အမြင့်လုပ်ထားပါတယ်။ ထမင်းစားမယ့် စားပွဲဝိုင်းတွေရဲ့ နောက်မှတော့ ဒေသခံ ကတူး (ကဒူး) နဲ့ရှမ်းနီ တိုင်းရင်းသားတွေက ရိုးရာအကနဲ့အဆိုကို ကြည့်ဖို့ရောက်နေတာ တွေ့ရ ပါတယ်။

ကျွန်တော်တို့ အရှေ့မှာ အနွေးဓါတ်ရအောင် ထင်းမီးပုံတွေကို မီးဖိုပေးထားသလို့ သူ့ရဲ့အရှေ့မှာတော့ တောင်ပူစာကို မြေ ညှိထားပြီး အပေါ်က တာလပတ်ခင်းထားပြီး စင်မြင့်သဖွယ် ပြင်ထားပါ တယ်။ ထမင်းစားသုံးဆောင်တာနဲ့ ကတူး(ကဒူး) နဲ့ ရှမ်းနီ တိုင်းရင်းသားတွေက ရိုးရာအက၊ သီချင်းတို့နဲ့ ဖျော်ဖြေပါတယ်။ ဒေသခံတွေ ပြောတာကတော့ အခုလို ခရီးကြမ်းကားမောင်း အဖွဲ့တွေ လာမှ ပထမဆုံး ဖျော်ဖြေပေးတာဖြစ်ပြီး ဆရာတော်က အနီးအနားက သက်ဆိုင်ရာရွာတွေကို တစ်လလောက်အလိုကတည်းက စုစည်းပြီး ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။

အဖွဲ့ဝင်တွေ ဒီည မြိန်ရည်ရှက်ရည်သုံးဆောင်ခဲ့ကြတဲ့ ကတူး (ကဒူး) ရိုးရာ ထမင်းဟင်းနဲ့ မိတ်ဆက်ပေးပါရစေ။ ပုံမှန်ထမင်းတစ်ပန်းကန် စာထက်ကြီးတဲ့ နှီးလင်ပန်းပေါ်မှာ ကျွန်းဖက်ကို ခင်းထား ပါတယ်။ အဲ့ဒီဖက်ပေါ်မှာတော့ ငါးကြော်နှစ်ကောင်၊ကြက်သားကြော် တစ်တုံး၊ ချဉ်ပေါင်းဖူးထောင်းနဲ့ မုံလာဖူးချက်ဟင်းကို အနည်းငယ် ပုံပေးထားပါတယ်။ နောက်ဒေသချက် ရိုးရာ ရေညှိဟင်းချို ၊ဖက်နဲ့ထုပ်ထားတဲ့ ဒေသလုပ်ငါးချဉ်၊ ခရမ်းချဉ်သီး ငပိချက်၊ ခရုနဲ့ကြက်သားရောထားတဲ့ ကြက်သောက်ဆမ်းဟင်းချို၊ ကြက်သားဟင်းနဲ့ မုန်လာဖူးချဉ်နဲ့ ဆလပ်ရွက်တို့ကို စားပွဲပေါ်မှာ ဧည့်ခံ ထားပါတယ်။

တစ်နေကုန် ပင်ပန်းလာခဲ့သမျှကို ရိုးရာရေညှိဟင်းနဲ့ ထမင်းပန်းကန်ကို ရောစားလိုက်ရတာဟာ အရင်က တစ်ခါမှ မစားဖူးတာကြောင့် အရမ်းကို အရသာရှိသလို စားလို့လည်းမြိန်ပါတယ်။ ထမင်းစေးစေးကို ဒေသချက် ရေညှိဟင်းချိုလေးဆန်းပြီး ချဉ် ပေါင်ဖူးထောင်းနည်းနည်းနဲ့ ငါးကြော်နဲ့ စားရတာဟာ တော်တော်ခံတွင်းတွေ့စေပါတယ်။

ညစာစားပြီးလို့ ကတူး(ကဒူး)နဲ့ရှမ်းနီ တိုင်းရင်းသားတွေရဲ့ အက၊ သီဆိုဖျော်ဖြေမှုတွေကို နားထောင်ပြီးတဲ့အခါမှာတော့ အဖွဲ့သား တွေဟာ ဒေသခံတိုင်းရင်းသားတွေကို တစ်ဦးချင်းစီ မိတ်ဆက်ကြပါတယ်။ အခမ်းအနားကို စီစဉ်ညွှန်ကြားပေးတဲ့ ဆရာ တော် ဦကိတ္ထိသာရကတဆင့် ကားမောင်းခရီးစဉ်ပါအဖွဲ့ဝင်တွေဟာ ကတူး(ကဒူး) ရိုးရာပွဲအတွက် ငွေကျပ် သိန်း (၄၀)၊ ရှမ်းရိုးရာ အကများအတွက် ငွေကျပ် ငါးသိန်း၊ ကတူးရိုးရာအကများအတွက် ငွေကျပ် ငါးသိန်းလှူဒါန်းခဲ့ပါတယ်။

အခမ်းအနားအပြီးမှာ အဖွဲ့သားတွေဟာ တာဝန်ရှိသူတွေ စီစဉ်ပေးထားတဲ့ ကတူး(ကဒူး)ရိုးရာတဲတွေမှာ အနားယူကြပါတယ်။ ထူးခြားမှုရှိတာက တဲရဲ့အတွင်းကလုံပေမယ့် ရာသီဥတုက အရမ်းအေးတာကြောင့် လင်းနို့ဂူမှာ ရွက်ဖျင်တဲ့နဲ့ အိပ်တဲ့အချိန် sleeping bag မသုံးတဲ့သူတွေတောင် သုံးရတဲ့အထိပါပဲ။

ဇလုံတောင်ကို လာရောက်လည်ပတ်ချင်တယ်ဆိုရင် မန္တလေးမြို့ ၈၇ လမ်းနဲ့ ၂၃လမ်းမှာ နေ့စဉ် ညနေ ၄နာရီလောက် မန္တလေးက ဗန်းမောက်ကို ပုံမှန်ထွက်တဲ့ အောင်နိုင်သူနဲ့ အောင်ရတနာ ကားကြီးတွေရှိပါတယ်။ ယာဉ်စီးခကတော့ ငွေ ကျပ် (၁၂,ဝ၀ဝ) ပါ။ ဒါမှမဟုတ် ငွေကျပ် (၁၃,ဝ၀ဝ) ပေးရတဲ့ ခရီးသည် (၁၂) ဦးဆံ့ အန်စာတုံးကားတွေကလည်း အဲ့ဒီအနားမှာရှိ ပါတယ်။ အန်စာတုံးကားတွေကတော့ မနက် ၇နာရီ ပုံမှန်ထွက်ပါတယ်။

မန္တလေးက ညနေ ၄နာရီထွက်တဲ့ကားဟာ ဗန်းမောက်ကို မနက် ၅နာရီနဲ့ ၆နာရီဝန်းကျင် ဝင်ပါတယ်။ နံနက် ၇နာရီထွက် လာရင်တော့ ညနေ ၅နာရီနဲ့ ၆နာရီ ဝန်းကျင် ရောက်ပါတယ်။

ဗန်းမောက်မြို့ထဲကနေ ဇလုံတောင် CBT စခန်းကို ပြေးဆွဲတဲ့ လိုင်းကားမရှိသေးပါဘူး။ ဒါပေမယ့် တောင်တက်ကားတွေ က မြို့ထဲကို ပြန်အိပ်တာကြောင့် အုပ်ချုပ်ရေးမှူးရုံးရှေ့က ကျောက် တိုင်ကွင်း မှာ ဒီကားတွေနဲ့ ကားကြုံလိုက်နိုင်ပါတယ်။ ဆိုင်ကယ် ကယ်ရီနဲ့ လာမယ်ဆိုရင်တော့ ငွေကျပ် ငါးထောင်လောက်တော့ ပေးရပါမယ်။ CBT စခန်းကနေ ဇလုံတောင်ပေါ်ကို  တောင်တက် ကားအသင်းက ခရီးသည်တင်ယာဉ်တွေနဲ့ပဲ သွားရမှာဖြစ်ပြီး ကားခကတော့ အသွားအပြန် ငွေကျပ်ခြောက်ထောင်  ရှိပါတယ်။ ဗန်းမောက်မြို့မှာ တည်းခိုခန်းတွေလည်းရှိပါတယ်။ ငွေကျပ် ငါးထောင် ကနေ နှစ်သောင်းအထိ ဈေးအစားစားဖြစ်ပါတယ်။



Aung Phay Kyi Soe is a Journalist who worked as Culture, Tourism, Environment and Health Reporter for five years at The Messenger, The Trade Times,DEMOCRACY Today, The Voice and Mawkun In-Depth and Investigative Magazine. He won the Best Feature Award for Climate Change Reporting supported by UN-Habitat and organized by Myanmar Journalism Institute.

0Comments

Leave a Comments