In Focus

ပုဂံရှေးဟောင်းမြို့တော်၊ အမျိုးသားအမွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်အဆင့်သို့

missing
U Win Kyaing (Principal, Field School of Archaeology, Dept. of Archaeology and National Museum), Photo - Myo Swe Than

မြန်မာအမျိုးသားယဉ်ကျေးမှုတို့ မွေးဖွားထွန်းကားရာ ပုဂံရှေးဟောင်းမြို့တော်သည် သမိုင်းစဉ်တစ်လျှောက် နိုင်ငံသူ၊ နိုင်ငံသားအားလုံး လေးစားတန်ဘိုးထားခဲ့ရာ အိမ်ဦးခန်းသဖွယ်ရှိခဲ့သည်။ ပြင်ပကမ္ဘာနိုင်ငံများအနေဖြင့်လည်း ကမ္ဘာ့အကြီးဆုံးနှင့် သမိုင်းဝင် ဗုဒ္ဓဘာသာယဉ်ကျေးမှုဒေသအဖြစ် လက်ခံသိရှိထားသည်

ဤပုဂံရှေးဟောင်းမြို့တော်နှင့် ယဉ်ကျေးမှုအမွေအနှစ်တို့အား ၁၉၉၆ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရန် ယူနက်စကိုအဖွဲ့ကြီးသို့ ဆက်သွယ်တင်ပြခဲ့ဖူးပါသည်။ သို့သော် ယူနက်စကိုအဖွဲ့၏ အကြံပြုချက်များကို ဆက်လက်ဆောင်ရွက်ရန် အခွင့်မသာခဲ့ပေ

ယခုအခါ ဦးဆောင်သည့်အစိုးရအဖွဲ့အစည်းများနှင့် ပုဂံဒေသခံပြည်သူများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ ကြိုးပမ်းမှုဖြင့် ကမ္ဘာ့အမွေအနှစ်အဆင့်သို့ ပြင်ဆင်တက်လှမ်းနေပြီဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ပုဂံ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းခြင်း စာတွဲ (၅) တွဲအား နိုင်ငံတော်အဆင့်အနေဖြင့် ယူနက်စကိုသို့ တင်ပြထားခဲ့ပါသည်။

ယင်းစာတွဲများတွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်အကြောင်း ရှင်းလင်းဖော်ပြချက်၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်သည့် အမွေအနှစ်တန်ဘိုး အမျိုးအစားများအနက်မှ ပုဂံအတွက် ရွေးချယ်ခဲ့သည့် အမျိုးအစား (၃)မျိုး၊ ပုဂံ၏ ဝိသေသလက္ခဏာရပ်များ၊ အစစ်အမှန်တန်ဘိုးများနှင့် ယင်းသို့ ရှားပါးအမွေအနှစ်တန်ဘိုးများကို အနာဂတ်မျိုးဆက်အဆင့်ဆင့်သို့ လက်ဆင့်ကမ်းနိုင်ရန် မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ မည်ကဲ့သို့ စီမံခန့်ခွဲ၍ မည်ကဲ့သို့ ဆက်လက်ထိန်းသိမ်းသွားမည်တို့ကို စာမျက်နှာပေါင်း (၁၅၉၁)မျက်နှာဖြင့် အသေးစိတ် ရေးသားထားပါသည်။ ဤအသေးစိတ်ရေးသားဖော်ပြချက်များကို အလွယ်တကူသိရှိနိုင်စေရန် အကျဉ်းချုပ်ရေးသား ဖော်ပြအပ်ပါသည်။

ပုဂံ၏ထူးခြားထင်ရှားသောအားလုံးလက်ခံနိုင်သည့်တန်ဘိုး (ဝါ) ကမ္ဘာလုံးဆိုင်ရာတန်ဘိုးများ
(Outstanding Universal Value of Bagan)
ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများဖြင့် ပြန့်ကျဲတည်ရှိနေသော ပုဂံနယ်မြေသည် ပူပြင်းခြောက်သွေ့သည့် မြန်မာပြည်အလယ်ပိုင်း ဧရာဝတီမြစ်ဝှမ်းတွင် တည်ရှိနေသည်။ ပုဂံယဉ်ကျေးမှုဇုန်တွင် အမွေအနှစ်တည်ရှိရာ ပင်မနယ်မြေနှင့်အတူ ဆက်စပ်စုစည်းနိုင်သော အခြားနေရာများအဖြစ် တုရင်တောင်နှင့် မြကန်၊ ယုန်လွှတ်ကျွန်း နန်းတော်ရာ၊ အလံ ပုဂံရေလှောင်တမံ၊ တန့်ကြည်တောင် စသည့်နေရာ(၇) ပိုင်းပါဝင်သည်။ ယင်းတို့သည် ပုဂံလွင်ပြင်တွင် နေရာယူထားပြီး မြစ်ဝှမ်းကမ်းပါး၊ တောင်ကုန်းတောင်တန်းများနှင့်လည်း ဆက်စပ်တည်ရှိနေသည်။ ရိုးရာအစဉ်အလာအားဖြင့် ပုဂံမြို့တော်၏နယ်နိမိတ်သည် အရပ်မျက်နှာထောင့် ၄ ထောင့်ရှိ စွယ်တော်မြတ်စေတီ(၄)ဆူအတွင်း၌ ထင်ဟပ်ဖော်ပြလျက်ရှိသည်။ ပုဂံသည် ထိုအချိန်အခါက ဗုဒ္ဓဘာသာဝင်တို့ တည်ထောင်ခဲ့သော လက်နက်နိုင်ငံတော် (အင်ပါယာ)၏ နှလုံးသားဗဟိုချက်အဖြစ်လည်းကောင်း၊ စီးပွားရေးဆုံရပ်နှင့် အနယ်နယ်အရပ်ရပ်တို့မှ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး ဓလေ့တို့ နှီးနှောဖလှယ်ရာရပ်ဝန်းအဖြစ် လည်းကောင်းတည်ရှိခဲ့သည်။ ပုဂံ၏အထွဋ်အထိပ်ကာလ အေဒီ(၁၁)ရာစုမှ (၁၃)ရာစုထိသည် ဘာသာဓလေ့ဆိုင်ရာ အခြေခံကောင်းများ တည်ထောင်ခဲ့သည့် ကာလလည်းဖြစ်သည်။

ဗုဒ္ဓဘာသာဓလေ့ရှိ အလှူဒါနပြုခြင်း ကုသိုလ်စေတနာသည် ပုဂံပေါ်ထွန်းလာရန်အတွက် အားကြီးသော အကြောင်းဖြစ်သည်။ ပုဂံခေတ်တွင် ကုသိုလ်ဒါနပြုခြင်းသည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့နှင့် အတူတွဲ၍ တွေ့ရှိနိုင်သော လူမှုဓလေ့လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ဤအလှူဒါန၏ ကြွင်းကျန်ရစ်သော အမွေအနှစ်သည် ယနေ့ခေတ် အလယ်ပိုင်းရှိ မြန်မာတို့၏ ဗုဒ္ဓဘာသာဓလေ့ဟု ဆိုရပေမည်။ ဤဘာသာရေးဓလေ့တွင် ရဟန်းသံဃာအဖွဲ့အစည်းမျာအား ထောက်ပံ့လှူဒါန်းခြင်း၊ ပွဲတော်များ၊ အခမ်းအနားများနှင့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ဓလေ့ထုံးစံများကို လိုက်နာကျင့်သုံးခြင်းနှင့် သာသနိက အဆောက်အအုံဟောင်းများကို ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်း၊ အသစ်ဆောက်ခြင်းများပါဝင်သည်။

ပုဂံမြို့တော်နှင့် ၎င်း၏ လက်နက်နိုင်ငံတော်အင်အား ကျဆင်းခဲ့ပြီး အချုပ်အခြာအာဏာသည် အခြားမြို့တော် ဗဟိုချက်မများသို့ ပြောင်းရွှေ့သွားခဲ့သော်လည်း ပုဂံဗုဒ္ဓသာသနာတော်၏ ဦးဆောင်မှုအခန်းကဏ္ဍမှာ ဆက်လက်တည်ရှိနေခဲ့သည်။ အလားတူ ပုဂံ၏ ဘာသာရေး၊ တရားစီရင်မှု၊ အုပ်ချုပ်ရေးအစဉ်အလာများသည် နောက်ခေတ်သမိုင်းဝင်မြို့တော်များ ပြောင်းရွှေ့မှုနှင့်အတူ ယှဉ်တွဲလိုက်ပါသွားခဲ့ပေသည်။

ပုဂံအမွေအနှစ်နယ်မြေတွင် ကျန်ရစ်တည်ရှိသေးသော ရှေးဟောင်းအဆောက်အအုံ (၃၈၂၂)ဆူတွင် စေတီ၊ ဂူဘုရား၊ ဘုန်းကြီးကျောင်း၊ သိမ်၊ နန်းတော်ရာ၊ မြို့ရိုးနှင့်အတူ အချို့မှာ အဆောက်အအုံ အစိတ်အပိုင်းများ၊ ကျောက်စာရုံ၊ ရုပ်တုလက်ရာများ၊ နံရံပန်းချီ၊ အဝတ်ပန်းချီနှင့် အခြားသော ဝတ္ထုပစ္စည်းများနှင့်အတူ မြေကြီးအောက်တွင် နစ်မြုပ်နေသော သုတေသန မြေလွှာများနှင့် ရှေးဟောင်းရေအရင်းအမြစ် အထောက်အထားများကိုလည်း တွေ့ရသည်။ အမွေအနှစ်နယ်မြေတွင် ပုဂံနှင့် ညောင်ဦးမြို့(၂) မြို့၊ ကျေးရွာ (၇) ရွာတို့ကို အတူတွေ့ရသည် ဤမြို့ရွာနယ်ပယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေ့စဉ်ဘဝမှာ ဗုဒ္ဓယဉ်ကျေးမှု အလေ့အထများ ခိုင်မြဲစွာ ကျင့်သုံးနေထိုင်မှုပင်ဖြစ်သည်။

အမွေအနှစ်တွင်ပါဝင်သည့် သွင်ပြင်တန်ဘိုးများတွင် စွယ်တော်လေးဆူ နယ်နိမိတ်ဖြင့် ကန့်သတ်ထားရာ အတွင်းရှိ မြစ်၊ ချောင်း၊ လွင်ပြင်၊ တောင်ကုန်း စသည့် သဘာဝအခင်းအကျင်းနှင့် ယင်းအတွင်းတည်ရှိသည့် ရှေးဟောင်းအဆောက်အအုံများ၊ ကျောက်စာပုံသဏ္ဌာန်အမျိုးမျိုး၊ အဝတ်ပန်းချီ၊ နံရံပန်းချီနှင့် ရုပ်တု၊ ဆင်းတုလက်ရာများ၊ ဘာသာရေးဓလေ့ထုံးစံနှင့် အလေ့အထများ၊ ပုဂံနန်းတော်ရာ၏ ကျုံး၊ မြို့ရိုး၊ ရေသွင်းရေထုတ်စနစ်နှင့် ရေအသုံးချမှုအသွင်သဏ္ဌာန်များ၊ ရှေးဟောင်းမြေနေရာနှင့် မြေလွှာများ၊ ပြတိုက်နှင့် စေတီဂူဘုရားများရှိ ရှေးဟောင်းဝတ္ထုပစ္စည်းများ ပါဝင်သည်။ ပုဂံရှေးဟောင်းမြို့တော်အတွက် ယူနက်စကိုမှ သတ်မှတ်ထားသည့် အမွေအနှစ်အမျိုးအစား သတ်မှတ်ချက်များအနက်မှ ယဉ်ကျေးမှုတန်ဘိုး အမျိုးအစား (၃)မျိုးဖြင့် ရွေးချယ်တင်ပြခဲ့ပါသည်။

ယဉ်ကျေးမှုတန်ဘိုးအမျိုးအစား အမှတ်စဉ်(၃)
အေဒီ(၁၁) ရာစုမှ (၁၃)ရာစုအတွင်း ဒေသဆိုင်ရာလက်နက်နိုင်ငံတော်၏ မြို့တော်နှင့် ယဉ်ကျေးမှု အထွဋ်အထိပ်ဗဟိုချက်မအဖြစ်သို့ ရောက်ရှိခဲ့သည့် သက်သေသာဓကနှင့်အတူ ကြုံတွေ့နိုင်ခဲသည့် ဗုဒ္ဓဘာသာအစဉ်အလာဖြစ်သော ဒါနကုသိုလ်ပြုမှုဓလေ့နှင့် လေးစားအထင်ကြီးဖွယ်ရာ ဂုဏ်ဒြပ်တို့သည် ပုဂံ၏ ထူးခြားထင်ရှားသည့် ယဉ်ကျေးမှုတန်ဘိုး ပြယုဂ်ပင်ဖြစ်သည်။

ယဉ်ကျေးမှုတန်ဘိုးအမျိုးအစား အမှတ်စဉ်(၄)
သာမန်ထက်ပိုသည့် ပုဂံ၏ ဗုဒ္ဓသာသနိက လက်ရာဖန်တီးမှု ဗိသုကာနှင့် အစုအဝေးအလိုက် ကြွယ်ဝစွာတည်ရှိနေပုံမှာ ကိုးကွယ်ရာဘာသာတရားအပေါ်တွင် ထားရှိသည့် ယုံကြည်သက်ဝင်မှု သဒ္ဓါတရားအင်အားကြီးပုံကို ပြသရာရောက်သည့်အပြင် ပုဂံနိုင်ငံတော်၏ ကြွယ်ဝချမ်းသာမှုနှင့် ရာစုနှစ်ပေါင်းများစွာ တည်တံ့ထွန်းကားစေခဲ့သည့် ဘာသာအစဉ်အလာပုံစံကို ဖော်ပြပေးနိုင်ခဲ့သည်။

ယဉ်ကျေးမှုတန်ဘိုးအမျိုးအစား အမှတ်စဉ်(၆)
အမြတ်တနိုး ကိုးကွယ်ရာအဆောက်အအုံနှင့် သုတေသနတန်ဘိုးများ ကိန်းအောင်းတည်ရှိရာ စေတီ၊ ဂူဘုရား၊ ဘုန်းကြီးကျောင်းတို့နှင့် ဒေသခံလူ့အဖွဲ့အစည်း၏ သက်ဝင်လှုပ်ရှား ပေါင်းစည်းတည်ရှိနေမှုသည် ပုဂံ၏ အခြေခံကျ၍ သမိုင်းဝင်ရှင်သန်နေဆဲဖြစ်သော အဆင့်အတန်းမြင့်သည့် ဗုဒ္ဓဘာသာအစဉ်အလာ ဓလေ့တန်ဘိုးများကို ပိုမိုပေါ်လွင်ထင်ရှားစေခဲ့ပါသည်။

ပုဂံအမွေအနှစ်၏ ဝိသေသ
(Integrity)
အမွေအနှစ်တွင် ပါဝင်သည့် ဂုဏ်ဒြပ်အရည်အသွေးတို့ကို ဖော်ပြရပါမူ ပုဂံ၏ တမူထူးခြားစေသည့် အလားအလာကောင်းသော တန်ဘိုးများနှင့် ပိုင်းခြားဖော်ပြထားသည့် ပုဂံယဉ်ကျေးမှုနယ်မြေတို့ဖြစ်သည်။ ပုဂံ၏ သမိုင်းဝင်အဆောက်အအုံတို့နှင့် အတူရှိခဲ့သည့် ဧရာဝတီမြစ်မကြီး၊ နယ်နိမိတ်မှတ်တိုင်သဖွယ် တည်ရှိသည့် စွယ်တော်လေးဆူ စေတီတော်များ (နှစ်ဆူမှာ တုရင်တောင်နှင့် တန့်ကြည်တောင်ထိပ်ပေါ်တွင်ရှိ)နှင့် မြို့တော်ပတ်ဝန်းကျင်တွင် ပျံ့နှံ့တည်ရှိနေသည့် အဆောက်အအုံများဖြစ်သည်။

ထို့ပြင် ပုဂံခေတ်အတွင်းက တည်ဆောက်ခဲ့သည့် နယ်မြေအတွင်းမှ ထင်ရှားသော အရွယ်အစားကြီးမားသည့် ဘုရားပုထိုးများလည်း ပါဝင်သည်။ ၎င်းင်းတို့နှင့်အတူ ကျောက်စာ၊ မင်စာ၊ နံရံဆေးရေးပန်းချီ၊ ရုပ်တုဆင်းတုများလည်း အတူတည်ရှိနေသည်။ ယင်းတို့ အားလုံးသည် ရှေးဟောင်းမြို့တော်တစ်ခု၏ ရှင်သန်နေဆဲ အထောက်အထားများပင်ဖြစ်သည်။

ဤသို့ ကျန်ရှိနေဆဲဖြစ်သော ရှေးဟောင်းအဆောက်အအုံများသည်ပင်လျှင် ပုဂံ၏ ဝိသေသ လက္ခဏာရပ်ဖြစ်ပြီး ခေတ်အဆက်ဆက်တွင် ရာသီဥတုဒဏ်ကိုလည်း ဖြတ်ကျော်ခဲ့ရသည်။ နှောင်းခေတ် ကုသိုလ်ရှင်များ၏ ပြုပြင်မွမ်းမံမှု၊ ဆီလျော်မှုမရှိသည့် ထိန်းသိမ်းပြုပြင်မှုများ၊ ရှေးဟောင်းလက်ရာကိုဖယ်၍ ခေတ်သစ်လက်ရာကို အစားထိုးခြင်းများကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဤသို့သော နှောင်းခေတ်ကာလတို့မှ အချောသတ်မွမ်းမံမှုနှင့် အဆောက်အအုံ အစိတ်အပိုင်းများ ပြုပြင်မှုများသည် မူလလက်ရာတန်ဘိုးကို ထိခိုက်စေခဲ့ရသည်။

ပုဂံခေတ်အချိန်ကမူ သာသနိကအဆောက်အအုံတို့အား ဒေသခံနှင့် ရပ်ဝေးဒေသ ကုသိုလ်ရှင်များမှ တည်ဆောက်ရာတွင် အဆောက်အအုံ ရေရှည်တည်တံ့ရန်နှင့် ကြံ့ခိုင်ရေးအတွက် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် အမွှန်းတင်မှတ်တမ်းရေးခဲ့လေ့ရှိသည်။ ယခု ခေတ်တွင်မူ ထိုသို့ ထိန်းသိမ်းရုံမျှမက သက်ဆိုင်ရာ ဘုရားစေတီတို့တွင် နှစ်စဉ်ဘုရားပွဲကျင်းပ၍ ပျော်ပွဲရွှင်ပွဲ၊ ရောင်းပွဲဝယ်ပွဲနှင့် ခေတ်ပြိုင်အနေအထားအလိုက် အတီးအမှုတ် အကအခုန်များပါ ထည့်သွင်းဆောင်ရွက်လာသည်ကို တွေ့ရပေသည်။

တွေ့ရှိလာရသော အဓိကပြဿနာများမှာ ခရီးသွားလုပ်ငန်း တိုးတက်လာမှုနှင့် မြို့ရွာဖွံ့ဖြိုးချဲ့ထွင်လာခြင်း၊ အဆောက်အအုံအသစ် များပြားလာခြင်းနှင့် အဟောင်းများ မွမ်းမံခြင်း၊ ဒေသခြားအပင်များ စိုက်ပျိုးခြင်းနှင့် ပြောင်းလဲလာသော စိုက်ပျိုးရေးအလေ့အထများ ဖြစ်သည်။

ပုဂံအမွေအနှစ်၏ အစစ်အမှန်တန်ဘိုး
(Authenticity)
တည်ရှိနေဆဲဖြစ်သော ရှေးဟောင်းအဆောက်အအုံများ၊ သုတေသနအထောက်အထား အကြွင်းအကျန်များ၊ ဘာသာရေးလူမှုရေး ဓလေ့ထုံးတမ်းစဉ်လာများနှင့် ဒေသ၏ ဝိသေသလက္ခဏာများသည် စစ်မှန်၍ အဆင့်အတန်းရှိကာ အများလက်ခံနိုင်သည့် ထူးခြားထင်ရှားသော ပုဂံ၏ အလားအလာတန်ဘိုးများပင်ဖြစ်သည်။ ဂုဏ်ဒြပ်တို့ဖြင့် လွှမ်းခြုံတည်ရှိနေသည့် ပုဂံ၏ တည်နေဟန်၊ ဧရာဝတီမြစ်ကြီး၊ နယ်လေးရပ်ရှိ စွယ်တော်ရှင်စေတီလေးဆူ၊ အရေအတွက် အမြောက်အများ တည်ရှိနေသည့် စေတီ၊ ဂူဘုရား၊ ကျောင်းကန်တို့သည် ရှေးခေတ်ပုဂံမြို့တော်၏ သရုပ်သကန်ကို ဖော်ထုတ်လှစ်ဟလျက်ရှိသည်။

စေတီဘုရားအများစုထဲမှ တစ်ဆူချင်းစီကို လေ့လာကြည့်ပါက အဆောက်အအုံ၏ ခန့်ထည်စွာ တည်ဆောက်ထားမှုနှင့်အတူ မွမ်းမံခြယ်လှယ်ထားသော အနုလက်ရာ၊ ရုပ်တု၊ အင်္ဂတေဆေးရေးပန်းချီတို့သည် မူရင်းအတိုင်းရှိသည့်နေရာ၊ ပုံသဏ္ဌာန်၊ ဖန်တီးမှုနှင့် ဝတ္ထုပစ္စည်းအဖြစ် အများဆုံးတွေ့ရမည်ဖြစ်သည်။ ဤသို့ဖြင့် အဆောက်အအုံပေါင်းများစွာသည် ပုဂံခေတ်၏ အံ့မခန်းမြင့်မားခဲ့သည့် ဖန်တီးမှုနှင့် နည်းပညာစွမ်းအားတို့ကို ဖော်ပြလျက်ရှိသည်။

ကျောက်စာ၊ မင်စာတို့တွင် ပုဂံမင်းနေပြည်တော်နှင့် နှောင်းခေတ်အဆက်ဆက်မှ ကုသိုလ်ဒါနပြုမှု မှတ်တမ်းများကို ရေးမှတ်ခဲ့ကြရာ စမ်းသပ်စစ်ဆေးခံနိုင်သော ခေတ်ပြိုင်မူရင်းမှတ်တမ်းများအဖြစ် အလေးထားနိုင်ပေသည်။

မြို့ရိုးမြို့တာနှင့် နန်းတော်ရာများ၊ ရှေးဟောင်းသုတေသန အထောက်အထားနှင့် ရေအရင်းအမြစ် စီမံခန့်ခွဲ သုံးစွဲခဲ့ရာအသွင်အပြင် စသည်တို့သည် ယဉ်ကျေးမှု၏တန်းဝင် သက်သေသာဓကများပင် ဖြစ်သည်။ ပုဂံယဉ်ကျေးမှုနယ်မြေတဝန်းမှ ရုပ်တု၊ ဆင်းတု၊ ကျောက်စာအစရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ၎င်းင်းတို့၏ မူလတည်ရာနေရာနှင့် အဆောက်အအုံမှတစ်ဆင့် ရှေးဟောင်းသုတေသနပြတိုက်တွင် ထိန်းသိမ်းစုဆောင်းထားသည်များလည်း ရှိသည်။ နေရာပြောင်းရွှေ့ရုံမှအပ ယင်းတို့၏ ပုံသဏ္ဌာန်၊ ဖန်တီးမှုနှင့် ဝတ္ထုပစ္စည်းအမျိုးအစားများမှာ ပြောင်းလဲသွားခြင်း မရှိပေ။ မြောက်မြားစွာသော ဝတ္ထုပစ္စည်းလက်ရာတို့မှာ မူလ ရှေးဟောင်းအဆောက်အအုံများ၌ပင် တည်ရှိနေပါသေးသည်။

ပုဂံရှေးဟောင်းမြို့တော်နှင့် ပတ်ဝန်းကျင်သည် ရာစုခေတ်အဆက်ဆက် သာသနိကအဆောက်အအုံများ တည်ရှိရာနေရာဖြစ်ခြင်းကြောင့် အလှူဒါနကုသိုလ်ပြုခြင်း၊ ဘာသာရေးဆိုင်ရာ ထုံးတမ်းဓလေ့နှင့် ကိုးကွယ်ယုံကြည်မှုအတွက် ပူဇော်ရာ၌ ရိုးရာအစဉ်အလာအတိုင်း သက်ဝင်လှုပ်ရှားလျက်ပင်ရှိသည်။

မဝေးလှသော အတိတ်တစ်ချိန်က ပုဂံဘုရားစေတီအချို့ကို ပြုပြင်မှုနှင့် အုတ်ကုန်း အပြိုအပျက်များကို ပုဂံခေတ်ပုံသဏ္ဌာန်စေတီ၊ ဂူဘုရားများအဖြစ် အသစ်ပြန်တည်ခြင်းများကြောင့် ဝေဖန်မှုများရှိခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဤအဆောက်အအုံများသည် ပုဂံ၏ ယုံကြည်ကိုးကွယ်မှုနှင့် ပူဇော်ရာအဆောက်အအုံ မူလဖြစ်ခြင်း၊ အလှူဒါနကုသိုလ်ပြုမှုတစ်ရပ်ဖြစ်ခြင်းတို့အပြင် အသစ်တည်ထားလိုက်သည့် စေတီဘုရားတို့သည် ပုဂံရှေးဟောင်းနယ်မြေ၏ ရှုခင်းတွင် မူရင်းတန်ဖိုးကို ပျက်စီးမသွားစေသည့် တိုးပွားမှုများဟုပင် ဆိုနိုင်ပါသည်။

စီမံခန့်ခွဲမှုနှင့် ကာကွယ်ထိန်းသိမ်းရန် လိုအပ်ချက်များ
(Management and Protection requirements)
ပုဂံ၏ ထူးခြားထင်ရှားသော အားလုံးလက်ခံနိုင်သည့် (ဝါ) ကမ္ဘာလုံးဆိုင်ရာ တန်ဘိုးများကို ဖော်ဆောင်ပေးသော အမွေအနှစ်ဆိုင်ရာ ပြယုဂ်များကို ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ၁၉၉၈" (ပြင်ဆင်၊ ၂၀၀၉)ဖြင့်လည်းကောင်း၊ "ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ၂၀၁၅"ဖြင့်လည်းကောင်း၊ ရှေးဟောင်းဝတ္ထပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ၂၀၁၅"ဖြင့်လည်းကောင်း အပြည့်အဝကာကွယ်ထားရှိပါသည်။ ၎င်းင်းဥပဒေများ သက်ရောက်မှုရှိစေရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက အဓိကဆောင်ရွက်ပါသည်။

ပုဂံဒေသတစ်ခုလုံးအား လွှမ်းခြုံစီမံခန့်ခွဲမှုပြုနိုင်ရန် ဌာနဆိုင်ရာနှင့် တရားဝင်အဖွဲ့အစည်းမူဘောင်များမှ အခြေခံအရင်းအမြစ်၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ကြီးကြပ်စစ်ဆေးမှုများပါဝင်သော ပေါင်းစပ်စီမံခန့်ခွဲမှုနှင့် လုပ်ငန်းအစီအစဉ် (Integrated Management Framework and Plan of Action) အတိုင်း ဆောင်ရွက်သွားရန် ထူထောင်ချမှတ်ထားပြီး ဖြစ်သည်။ အခြေခံမူဘောင်တွင် ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ စည်းမျဉ်းများအတွက် နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အဆောက်အအုံဆောက်လုပ်မှုဆိုင်ရာ ဥပဒေစည်းမျဉ်း၊ အမှားပြင်ဆင်ချက်များနှင့် ဖွံ့ဖြိုးမှုဆိုင်ရာစည်းကမ်းတို့နှင့်အတူ ခရီးသွားလုပ်ငန်း၊ သဘာဝဘေးအန္တရာယ်ကျရာက်မှုအပေါ် စီမံခန့်ခွဲမှုနှင့် ဒေသဆိုင်ရာအများပြည်သူတို့၏ ဖွံ့ဖြိုးမှုစီမံကိန်းများ ပါဝင်သည်။ ဤအခြေခံမူဘောင်အား "ပုဂံဒေသအမျိုးသားအဆင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (BAGANCOM : Bagan National Coordination Committee)က ထိရောက်စွာ လမ်းညွှန်ကြီးကြပ်ပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင်မူ တာဝန်ရှိအဖွဲ့အစည်းများနှင့် ကော်မတီများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသနှင့် သတ်မှတ်ထားသော အမွေအနှစ်နှင့် ကြားခံဇုန်တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရုံးက စီမံခန့်ခွဲ၍ လက်တွေ့လုပ်ဆောင်နေပါသည်။ ရေရှည်စီမံခန့်ခွဲမှုမှန်းချက်များတွင် အမွေအနှစ်အပေါ်နားလည်လက်ခံ၍ အထောက်အပံ့ပြုနိုင်သာ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တောင့်တင်းခိုင်မာရေး၊ ငလျင်ကြောင့် ပျက်စီးမှုဒဏ်ကို ကြံ့ကြံ့ခံနိုင်သော ရှေးဟောင်းအဆောက်အအုံများအဖြစ် စနစ်တကျထိန်းသိမ်းသွားရန်၊ အမွေအနှစ်ကို ကောင်းကျိုးမပြုနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုများလျှော့ချရန်နှင့် ဖယ်ရှားသွားရန်၊ အမွေအနှစ် များနှင့် သဟဇာတဖြစ်စေသော ခရီးသွားလုပ်ငန်းတိုးတက်ဖွံ့ဖြိုးလာစေရန်နှင့် အမွေအနှစ်များ ရေရှည်တည်တံ့စေရေးအတွက် လိုအပ်သည့် စစ်ဆေးစောင့်ရှောက်မှုနှင့် ထိန်းသိမ်းပြုပြင်မှု အရည်အသွေးများ ပြည့်ဝလာစေရန် စသည်တို့ ပါဝင်ကြောင်း အကျဉ်းရုံး ရေးသားဖော်ပြလိုက်ပါသည်။
ရည်ညွှန်း ပုဂံကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းမှုစာတွဲ
 Nomination Dossier for Inscription of the World Heritage List, Bagan

"

0Comments

Leave a Comments