ရှမ်းစော်ဘွားကြီးများ၏ရှားပါးဝတ်စုံပြပွဲ
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်) မှ ဦးစီးကျင်းပသော ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံပြပွဲ Exhibition of the rare traditional costumes of the Shan Sawbwas အား ရန်ကုန်မြို့၊ ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ဇွန်လ ၉ ရက်မှ ၁၈ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည်
ပြပွဲအတွင်း ရှားပါးဝတ်စုံများ၏ အလှအပဆိုင်ရာများ၊ သမိုင်းဆိုင်ရာများ နှင့် အမျိုးအစားများစွာကွဲပြားလျက်ရှိသောဝတ်စံုတို့မှတစ်ဆင့်လူမျိုးစုတစ်စု ပိုင်ဆိုင်သည့်နယ်ပယ်၊ ပထဝီဝင်၊ ရာသီဥတုနှင့် မြန်မာနိုင်ငံရှိ ဒေသတစ်ခုစီမှ လူသားတို့၏ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာတို့ကိုပါလေ့လာနိုင်မည်ဖြစ်သည်
ဤပွဲတွင်ရှမ်းစော်ဘွားကြီးများ၊ မဟာဒေဝီ၊ အိမ်ရှေ့မင်းသား၊ အမတ်ချုပ်၊ မြို့စားမင်း၊ စစ်သူကြီး၊ ဒေသအကြီးအကဲနှင့် ကိုယ်ရံတော်တို့ ဝတ်ဆင်ခဲ့သောအခမ်းအနားဝတ်စုံများ၊ ဖောင်းကြွရက်လုပ်ထားသော ကတ္တီပါအင်္ကျီများ၊ ခေါင်းပေါင်း၊ ခါးစည်းကြိုး၊ ရွှေရောင်အပြားတပ်ဆင်ထားသော အထည်များ၊ ပန်းထိုးထားသော ရှမ်းဘောင်းဘီနှင့် ရှေးမြန်မာဘုရင်မှ အရိုက်အရာအရပေးအပ်ထားသော အဝတ်အထည်များအား ပါဝင်ပြသသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ရှမ်းလူမျိုးတို့၏ ကိုယ်ပိုင် စရိုက်လက္ခဏာနှင့် ခေတ်အလိုက် မြင့်မားသောဝတ်စားဆင်ယင်မှုဒီဇိုင်းများဖြစ်သောကြောင့်ရှားပါးဝတ်စုံများကို လေ့လာကြည့်ရှုနိုင်သည့် စိတ်ဝင်စားဖွယ်ကောင်းသောပြပွဲကြီး တစ်ခု ဖြစ်သည်။ အဆိုပါပြပွဲအား နံနက် ၉နာရီ ၃၀ မှ ညနေ ၄နာရီ ၃၀ အထိ မည်သူမဆိုအခမဲ့ဝင်ရောက်လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။
0Comments